မန္တလေးတိုင်း၌ ကျောင်းသားများကို အိုင်တီနှင့် အီလက်ထရွန်နစ် သင်တန်းများ အခမဲ့ သင်ကြားပေးမည်

ပို့စ်တင်ချိန် - 1/31/2014 10:00:00 PM


မန္တလေး၊ ဇန်နဝါရီ ၃၀

အခြေခံပညာ အလယ်တန်းအဆင့်မှ တက္ကသိုလ်အဆင့်ရှိ ကျောင်းသားများ အားလုံးကို ခေတ်မီ အီလက်ထရွန်နစ်နှင့် အိုင်တီ ပညာရပ်များ အကျွမ်းတဝင် အသုံးပြုတတ်စေရန်အတွက် အိုင်တီနှင့် အီလက်ထရွန်နစ် သင်တန်းများ အခမဲ့ လိုက်လံ သင်ကြားပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ ဇော် အီလက်ထရောနစ် အထူးသင်တန်းကျောင်း တာဝန်ခံ ဦးဇော်ဇော်က ပြောကြားသည်။

အဆိုပါ ကျောင်းသားများကို အီလက်ထရွန်နစ်ဆိုင်ရာ ပစ္စည်းကိရိယာများ၊ စက်ပစ္စည်းများ၊ ကွန်ပျူတာ၊ အင်တာနက်၊ မိုဘိုင်းလ်နှင့် Network တည်ဆောက်ခြင်းဆိုင်ရာများ သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လျှပ်စစ်မီး မရရှိသေးသည့် ကျေးလက်ဒေသများတွင် နေရောင်ခြည် စွမ်းအင်ဖြင့် တစ်ရွာလုံး မီးလင်းနိုင်သော နည်းပညာဖြင့် တီဗီ၊ ဒီဗီဒီ၊ ကွန်ပျူတာ၊ အင်တာနက်တို့ကို ချိတ်ဆက် အသုံးပြုနိုင်သည့် နည်းပညာများကို အထောက်အကူ ပစ္စည်းများဖြင့် စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပေးမည် ဖြစ်ကြောင်း၊ ယင်းသင်ကြားမှု ဆိုင်ရာများကို စစ်ကိုင်း၊ ကျောက်ဆည်၊ မန္တလေးမြို့တော်တို့တွင် လက်ကမ်း စာစောင်များကို အိမ်တိုင်ရာရောက် လိုက်လံဝေငှ အသိပေးမှုများ စတင် ဆောင်ရွက်နေပြီး ကျောက်ဆည်မြို့တွင် ဖေဖော်ဝါရီလမှစ၍ အိုင်တီနှင့် အီလက်ထရွန်နစ် နည်းပညာဆိုင်ရာ သင်တန်းများ စတင် သင်ကြားပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“တတ်ထားတဲ့ ပညာကို မျှဝေ ပေးတာပါ။ လူငယ်တွေ အိုင်တီ နည်းပညာနဲ့ ရင်းနှီးစေချင်တဲ့ စေတနာနဲ့ အခုလို ဖိတ်ခေါ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့တွေကို အခမဲ့ သင်တန်းတွေ လိုက်ပေးမှာပါ” ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့ပေါ်တွင် ဘုန်းတော်ကြီးများ ဦးဆောင်သည့် အခမဲ့ မူလတန်းမှ အထက်တန်းအဆင့်ထိ ပညာသင်ကျောင်းများနှင့် လူမှုရေး အဖွဲ့အစည်းများက ဖွင့်လှစ်ထားသည့် အခမဲ့ပညာသင် ကျောင်းများသာ ရှိပြီး ကျန်သင်တန်းကျောင်းများမှာ အခပေး မိုဘိုင်းလ် သင်တန်းကျောင်းနှင့် တရုတ်စကားပြော သင်တန်းကျောင်းများကိုသာ မြို့အနှံ့ တွေ့နေရသော်လည်း အခမဲ့ နည်းပညာ သင်တန်းကျောင်းမှာ ဘုန်းတော်ကြီးကျောင်းမှ ဦးစီး ဖွင့်လှစ်သည့် သင်တန်းကျောင်း တစ်ခုသာရှိကြောင်း မန္တလေးမြို့ဒေသခံ အိုင်တီ ကျွမ်းကျင်သူများက ပြောကြားသည်။

“အခုလို အိုင်တီ နည်းပညာနဲ့ ပတ်သက်ပြီး လူငယ်တွေ လိုအပ်နေချိန်မှာ လိုက်လံသင်ပေးမယ့် ရည်ရွယ်ချက်ကို ကြိုဆိုပါတယ်။ ဘယ်အဖွဲ့အစည်းကမဆို စေတနာ မှန်မှန်နဲ့ ပေးမယ်ဆိုရင် မြန်မာမှာ အိုင်တီနည်းပညာ တိုးတက်သွားနိုင်ပါတယ်” ဟု သဒ္ဒါပညာရေးအဖွဲ့ တာဝန်ရှိသူ ဦးဖုန်းမြင့်ဇော်က ဆိုသည်။

မန္တလေးမြို့တော်တွင် မိုဘိုင်းလ်ဖုန်း သုံးစွဲမှု မြင့်တက်လာပြီးနောက်ပိုင်း လူငယ် အများစုသည် အင်တာနက် သင်တန်းများ တက်ရောက်မှု နည်းပါးလာပြီး မန္တလေး အနီးအနား ဝန်းကျင်နှင့် အထက်ပိုင်း မြို့ပေါ်များရှိ လူငယ်အများစုက မိုဘိုင်းလ်ဖုန်း ပြုပြင်နည်း သင်တန်းနှင့် ကွန်ပျူတာ စာစီစာရိုက်များကိုသာ အများဆုံး လာရောက် သင်ကြားမှုသာ ရှိကြောင်း မန္တလေးမြို့တော်ရှိ အင်တာနက် လုပ်ငန်း ဖွင့်လှစ် လုပ်ကိုင်နေသော လုပ်ငန်းရှင်များက ပြောကြားသည်။

အဆိုပါ အိုင်တီနှင့် အီလက်ထရွန်နစ် သင်တန်းများ ဆက်သွယ် သင်ကြားလိုသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ ကျောင်းသားများ အနေဖြင့် ၀၉-၃၃၃၉၉၂၃၄၊ ၀၉-၆၈၀၂၁၃၄ ထံသို့ ဆက်သွယ်နိုင်ကြောင်း အဆိုပါ သင်တန်းကျောင်းထံမှ သိရှိရသည်။

မန္တလေးတစ်မြို့လုံးတွင် အင်တာနက် ဆိုင်ပေါင်း၂၁ ဆိုင် ရှိပြီး တရုတ်စကားပြောနှင့် မိုဘိုင်းလ်ဖုန်း ပြုပြင်နည်း သင်တန်းကျောင်း ၂၀၀ ကျော် ရှိကြောင်း မန္တလေး ကွန်ပျူတာ ပညာရှင်များ အသင်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly