သတိထားဖွယ် အထင်လွဲလျှင် အသက်ဆုံးရှုံးတတ်ပုံ

ပို့စ်တင်ချိန် - 1/31/2014 09:03:00 AM


ရှေးအခါက ဟိမ၀န္တာ တောရဲ့ အနီးမှာ ကြို့ပင်ကြီးတစ်ပင်ရှိသတဲ့။ ၀က်ဝံတစ်ကောင်ဟာ အစာရှာဖွေ စားသောက်ပြီးတဲ့နောက် ၊ ဗိုက်လေးလာတဲ့ အခါမှာ ကြို့ပင်ကြီးအောက် လာရောက်အိပ်နေလေ့ရှိပါတယ်။ တစ်နေ့ကြို့ပင်ကြီးအောက်မှာ ၀က်ဝံကြီး အိပ်ပျော်နေတုန်း ခပ်ကြမ်းကြမ်း လေတစ်ချက်ဝှေ့ လိုက်တာ ကြောင့် ကြို့ပင်ကြီးရဲ့ အကိုင်းတစ်ကိုင်း ကျိုးပြီး သစ်ကိုင်းကျိုးဟာ ၀က်ဝံကြီးရဲ့ ကျောကုန်းပေါ်ကျသွားပါတယ်။အိပ်ပျော်နေတဲ့ ၀က်ဝံကြီးလည်း လန့်နိုးသွားတာပေါ့။ ဒေါသလည်း ထွက် စိတ်တိုသွားတယ်။ ပတ်ဝန်းကျင်ကိုကြည့်တော့လည်း ဘယ်သူ့ကိုမှလည်း မတွေ့မမြင်ရဘူးတဲ့
"ဧကန္တတော့ ကြို့ပင်စောင့် ရုက္ခစိုး ငါ့အပေါ်သစ်ကိုင်း ချိုးချတာဖြစ်မယ်. သိကြသေးတာပေါ့ကွာ မင်းဗိမာန်ကို အမြစ်က လှန်ပစ်မယ်။ ၀ံကြံရင် ဘာခံနိုင်မှာ တုန်း ဟု "ပြောပြီး ထွက်လာခဲ့ပါတယ်။
ကာလအတန်ကြာတဲ့ အခါမှာ ကြို့ပင်အောက်မှာ ၀က်ဝံကြီး ရပ်နားနေတုန်း ဓားမ၊ ပဲခွပ်၊ ပုဆိန်တွေ ကိုင်ထားတဲ့ သစ်ခုတ်သမား ပုဏ္ဏား လက်သမား သုံးရောက် ကြို့ပင်နား ရောက်လာပါတယ်။လက်သမားတွေကို တွေ့တဲ့အခါမှာ ၀က်ဝံဟာ ၀မ်းသာအားရဖြစ်သွားပါတယ်။
"မိတ်ဆွေတို့ ဘယ်သစ်ကို ခုတ်ကြမှာတုန်း ဟု ၀က်ဝံကလှမ်းမေးကြည့်တယ်"
"မိတ်ဆွေဝက်ဝံ သင်က တောထဲမှာ နေတော့ ကျုပ်တို့ထက် သစ်အကြောင်းနားလည်မှာပေါ့. . ရထားလုပ်ဖို့ ဘယ်သစ်က ခိုင်ခံပါသလဲ။ "ဟု ပုဏားတွေက ပြန်မေးတယ်။
"အဆွေလက်သမား ပိတောက်၊ ထောက်ကြံ့၊အင်ကြင်း၊ ရှားပင်တို့ဆိုတာ မခိုင်ခန့်ဘူး လူတွေက မသိလိုကနာမည်ကြီးနေတာ သူတို့ထက်ပိုမိုခိုင်ခန့်တဲ့ ရထားလုပ်ဖို့ ကောင်းတဲ့ ကြို့ပင်ဆိုတာ ရှိတယ်။

"မိတ်ဆွေပြောတဲ့ ကြို့ပင်ဆိုတာကို ကျုပ်တို့ဖြင့် ကြားဖူးပေါင်ဗျာ မြင်ရင် သိရင် ဘယ်လိုပုံစံဆိုတာ ပြောပြပေးပါအုံး "ဟု လက်သမားများက ၀က်ဝံကြီးကို ပြန်မေးပါတယ်
"ခု ကျုပ်ရပ်နေတဲ့ နေရာ က အပင်ဟာ ကြို့ပင်ပေါ့။ ရထားဘီးအတွက် အကန့်၊ ပုံတောင် ၊ ၀က်စွပ်၊ အကျပ် အကုန်လုပ်နိုင်တာပေါ့။"လို့ပြောပြီး ၀က်ဝံဟာ ထွက်သွားပါတယ်။
လက်သမားတွေဟာ ကြို့ပင်ကို ခုတ်ဖို့ ပြင်ဆင်လိုက်ကြတယ်။ ၀က်ဝံနဲ့ လက်သမားတွေပြောဆိုနေတာကို ကြားသိလိုက်ရတဲ့ ကြို့ပင်စောင့်ရုက္ခစိုး နတ်ဟာ "၀က်ဝံဟာ ဘာမဟုတ်တာလေးနဲ့ ငါ့ကို ရန်ငြိုးဖွဲ့ပြီး ငါ့ရဲ့ ဗိမာန်ကို လက်သမားတွေက ဖျက်ဆီးပစ်ကြသလို ဒင်းအသက်ကိုလဲ လက်သမားတွေကပဲ ပျက်စီးအောင် လုပ်စေရမယ် " ဟု ကြုံးဝါးလိုက်သည်. . .
အဲဒီနောက် ကြို့ပင်စောင့်နတ်ဟာ ခရီးသွား ပုဏ္ဏား တစ်ယောက် အယောင်ဆောင်ပြီး လက်သမားတွေ အနား ချည်းကပ်ပြီး "မိတ်ဆွေ လက်သမားတို့ ဒီသစ်ပင် က အသားကောင်းလှချည်လား ဘာများလုပ်ဖို့တုန်း။" လို့ မေးကြည့်လိုက်တယ်။
"ရထားလုပ်ဖို့ ဖြတ်တောက်နေကြပါတယ်။" ဟု လက်သမားတွေက ပြန်ဖြေကြတယ်။
"မင်းတို့ ရထားလုပ်တဲ့ အခါ ၀ံသားရေကို သံပတ်လိုပတ်ပြီးလုပ်ရင် ပိုပြီး ခိုင်ခံ့လာမယ်။ ပိုပြီးလည်း ဈေးကောင်းရမယ်။"

လက်သမားများက "ဒီလိုဆို ၀ံသားရေ ဘယ်ကရမှာတုန်း။"
"မင်းတို့ တော်တော်နသေးတာပဲ ခုနက မင်းတို့ကို ပြောသွားတဲ့ ၀က်ဝံဆီလိုက်သွားပေါ။ ၀က်ဝံကြီးကို အသင်ပြောသွားတဲ့ သစ်ပင်ကို ဘယ်လိုခုတ်ရမှာလဲလို့ မေးပြီး ပြခိုင်းလိုက်။အဲဒီအခါကျမှ ဓားထက်ထက်နဲ့ ၀က်ဝံကြီး သေသွားအောင် ခေါင်းကို ခုတ်ပိုင်းလိုက်ပေါ့။အရေခွံခွာ အသားကိုချက်စားပါ။ ပြီးမှ ကြို့ပင်ကို ခုတ်ပါလို့ " ရုက္ခစိုးက ပြောလိုက်ပါတယ်။
ခရီးသွား ပုဏ္ဏားရဲ့ အကြံပေးချက်ကို လက်သမားတွေ နှစ်သက်သဘောကျသွားတယ်. . ဒီကနေ့ သိပ်ကံကောင်းတဲ့ နေ့ပါလား အကြံကောင်းညဏ်ကောင်းတွေရတယ် ဆိုပြီး ရုက္ခစိုး အကြံပေးတဲ့အတိုင်း ၀က်ဝံကြီး နောက် လိုက်သွားပြီး မာယာနဲ့ အကူအညီတောင်းတယ်။ ကြို့ပင်အောင် ရောက်လာတဲ့ ၀က်ဝံကြီးကို သေအောင် သတ်ပစ်နိုင်ခဲ့တယ်။ နောက်ကြို့ပင်ကြီးကိုလည်း ခုတ်ထစ်ပိုင်းဖြတ်ယူဆောင် သွားကြပါတယ်။
ဝက်ဝံကြီးဟာ သည်းခံသင့်တဲ့ အမှုကလေးကို သည်းမခံနိုင်ဘဲ အထင်လွဲပြီး စိတ်ယုတ်မာ မွေးကာ ရန်ငြိုးဖွဲ့ခဲ့တာကြောင့် အကျိုးအမြတ်မရှိဘဲ နှစ်ဦးစလုံး ဆုံးရှုံးနစ်နာခဲ့ရပါတယ်။

ဒီဥပမာလေးကို ကြည့်ခြင်းအားဖြင့် အခွင့်ကောင်း အခါကောင်းများကို စောင့်ကြည့်နေသည့် သူယုတ်တို့၏ ပယောဂဖြင့် အိမ်ကြက်ချင်း အိုးမည်းသုတ်ကာ ရန်တိုက်နေသည့် ဖြစ်ရပ်တွေအပေါ်မှာ အချင်းချင်း မညီမညွတ်မဖြစ်သင့်ကြောင်း၊ အချင်းချင်း စိတ်ဝမ်းမကွဲသင့်ကြောင်း၊ အချင်းချင်း အထင်မလွဲသင့်ကြောင်း ထင်ရှားတော့၏။ အချင်းချင်း စိတ်ဝမ်းကွဲကာ၊ အထင်လွဲမည်ဆိုပါက ကောင်းကျိုးများမဖြစ်နိုင်ကြောင်း၊ ဆိုးကျိုးများနှင့်သာ အဆုံးသတ်ပြီး ကြားက လက်သမားများနှင့်တူသော ပုဂ္ဂိုလ်များက အမြတ်ထုတ်သွားမည်ဖြစ်ကြောင်း၊ အချင်းချင်းစိတ်ဝမ်းကွဲကာ အထင်လွဲလေလေ ကြားက လက်သမားနှင့်တူသော ပုဂ္ဂိုလ်များအတွက် အမြတ်များလေလေ၊ အကြိုက်တွေ့လေလေ ဖြစ်ကြောင်းနှင့် အချင်းချင်းအပေါ် နားလည်မှုနှင့် စိတ်ကောင်း စေတနာကောင်းများ ထားမှသာ ဘာသာရေး လူမျိုးရေး၊ စီးပွားရေး၊ ပညာရေးတိုးတက် ကောင်းမွန်မည်ဖြစ်ကြောင်း၊ စိတ်ယုတ်မာမွေးက ဆိုးကျိုးတွေကို ဖြစ်ပေါ်လာပြီး နောက်ဆုံး အသက်သေသည်အထိ ထိခိုက်နိုင်ကြောင်း စတဲ့ သင်ခန်းစာများကို ယူရမှာ ဖြစ်ပါတယ်။(ဖန္ဒနဇာတ်)
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Myawady News