နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်များကို ဆွေးနွေးခြင်းမပြုရန် ပြည်ထောင်စု လွှတ်တော် နာယက သတိပေး

ပို့စ်တင်ချိန် - 1/31/2014 12:51:00 PM


နေပြည်တော်၊ ဇန်နဝါရီ ၃၀

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီးမူနှင့် အခြေခံသဘောထား ဆွေးနွေးရာတွင် နိုင်ငံတော် လုံခြုံရေး ကိစ္စများကို ထည့်သွင်း ဆွေးနွေးခြင်း မပြုရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဇန်နဝါရီလ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသား စီမံကိန်း ဥပဒေကြမ်းကို ဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ် ၃၀ ဦး အမည်စာရင်း ပေးသွင်းထားသောကြောင့် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဆွေးနွေးချက်များကို ယခင်က ဆွေးနွေးချိန် မိနစ် ၂၀ ပေးထားခဲ့သော်လည်း ယခုအခါ တစ်ဦးလျှင် ခြောက်မိနစ်သာ ဆွေးနွေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် တိုင်ပင် ဆုံးဖြတ် ထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အဆိုပါ သတ်မှတ်ချက်များကြောင့် ကိုယ်စားလှယ်များ အနေနှင့် အချိန် လုံလောက်မှု မရှိခြင်းနှင့် ဆွေးနွေးမှု ရလဒ်များ ကောင်းမွန်မည် မဟုတ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆို သည်။
“ဝန်ကြီးဌာန ခြောက်ခုကို ဆွေးနွေးမယ်ဆိုရင် ဌာနတစ်ခုကို တစ်မိနစ်စာပဲရမယ်။ ဒါကြောင့် မလုံလောက်ဘူး” ဟု ရွှေပြည်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဆိုသည်။

ထို့အပြင် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန သုံးစွဲမည့် ငွေကြေးကို ဆွေးနွေးရာတွင် သတ်မှတ်ထားသည့် နိုင်ငံတော် လုံခြုံရေး အချက်အလက်များကို ရှောင်ရှားရမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် နိုင်ငံတော် ထိပ်တန်း လုံခြုံရေးနှင့် ပတ်သက်မှုများ ဆွေးနွေးမှု မပြုရန် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

The Voice Weekly Myanmar