ကျူးကျော်များ အလုပ်အကိုင်မပေးသ၍ ကျုးကျော်နေထိုင်မှုဆက်ရှိနေမည်ဟု ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝန်ကြီးပြော

ပို့စ်တင်ချိန် - 2/27/2014 09:55:00 PM


Written by လပြည့်ဝန်း

ရန်ကုန်၊ မဇ္ဈိမ ။ ။ ကျူးကျော်ပြသာနာသည် အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းကြောင့်ဟု ရန်ကုန်တိုင်း လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးတင်ဝင်းက ဖေဖော်ဝါရီ ၂၆ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

“ ကျုးကျော်တွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရက နေရာပေးမယ်ဆိုရင်တောင် ကျူးကျော်တွေက အလုပ်အကိုင်မရှိလို့ ထပ်ပြီး ကျူးကျော်မှုတွေဆက်ဖြစ်နေမှာပဲ။ သူတို့တွေကို ရှင်းပစ်ရုံနဲ့ ပြသာနာက ပြေလည်သွားမှာမဟုတ်ဘူး။ အဓိက ကတော့ အလုပ်အကိုင်အခွင့်အလမ်းမရှိလို့ပါ” ဟု ပြောသည်။

ကျုးကျော်နေထိုင်သူအများစုသည် ၎င်းတို့ မူလအရပ်ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းရှားပါးနေခြင်းကြောင့် အလုပ်အကိုင်ရှာဖွေရင်း ကျူးကျော်နေထိုင်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်ပြီး ကျူးကျော်နေထိုင်သူများ၏ ပြသာနာကို ရှင်းလင်းမည်ဆိုပါကလည်း ၁၉၈၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့ရွာနှင့် ကျေးလက်ဥပဒေအရသာ အရေးယူရမည်ဟု ဦးတင်ဝင်းကပြောသည်။

ကျူးကျော်အဖြစ် သတ်မှတ်ထားသော သမီးကလေးကျေးရွာမှ ဆရာတော် ဦးအဂ္ဂဓမ္မက “အလုပ်အကိုင်အခွင့်အလမ်း မရှိလို့ ကျူးကျော်နေတယ်လို့ ပြောတာထက်စာရင် ဘိုးဘွားပိုင်မြေနေရာတွေကို မတရားသိမ်းပိုက်လို့ ကျူးကျော်နေထိုင်သူ ပုံစံမျိုးဖြစသွားတာပါ။ အလုပ်အကိုင်ကတော့ ကိုယ့်နေရာမှ ကိုယ်လုပ်ကိုင် စားသောက်နေရတာ အဆင်ပြေပြီးသားပဲ ” ဟု မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် သမီးကလေးကျေးရွာမှ ဒုက္ခသည် ၁၅၇ ဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျေးရွာနှင့်လေးဖာလုံခန့်နေရာ ဝါးယားကုန်းကျေးရွာတွင် နေရာချထားပေးရန် စီစဉ်လျှက်ရှိသည်။

သမီးကလေးကျေးရွာမှ ဒုက္ခသည် ကိုဝင်းညွှန့်က “ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ချပေးတဲ့မြေနေရာတွေကို သွားကြည့် တာ သွားလာရေးကလည်းခက်ခဲတယ်။ လုပ်ကိုင်စားသောက်ဖို့ ကလည်း ဘယ်လိုမှအဆင်မပြေနိုင်ဘူး” ဟု ပြောသည်။

လက်ရှိ အစိုးရက နေရာချထားပေးသည့် ကျေးရွာသည် သစ်ခုတ်၊ဝါးခုတ် လုပ်ကိုင်စားသောက်နိုင်သည့်နေရာဖြစ်ပြီး ထိုသို့ သစ်၊ဝါးခုတ်လုပ်ငန်းများ လုပ်ကိုင်ပါကလည်း တည်ဆဲဥပဒေနှင့် ငြိစွန်းနိုင်မည်ဟုလည်း သမီးကလေးကျေးရွာမှ ဆရာတော် ဦးအဂ္ဂဓမ္မကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်ဟု သတ်မှတ်ထားသည့် လူဦးရေ ၅၃၆ဝဝ ကျော်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။

Mizzima Burmese