မျိုးစောင့် ဥပဒေနှင့် ပတ်သက်သော နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာ ယနေ့ လွှတ်တော် တင်ပြမည်

ပို့စ်တင်ချိန် - 2/27/2014 10:01:00 AM



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

နိုင်ငံတစ်ဝန်းရှိ ရဟန်းသံဃာနှင့် ပြည်သူလူထု ၁၃ သန်းကျော်က လက်မှတ် ရေးထိုး ဆန္ဒပြုထားပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသက နိုင်ငံတော် သမ္မတထံ ပေးပို့ထားသော မျိုးစောင့် ဥပဒေနှင့် ပတ်သက်သည့် နိုင်ငံတော် သမ္မတ၏ သဘောထား သဝဏ်လွှာကို ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်နေ့) ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖတ်ကြား တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသက မျိုးစောင့် ဥပဒေများ ပြဋ္ဌာန်းရန် နိုင်ငံတော် သမ္မတမှ တစ်ဆင့် တိုက်တွန်းထားခြင်း ဖြစ်ပြီး ယင်းသဝဏ်လွှာကို နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းထံ ပေးပို့ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းဖို့ ကောက်ထားတဲ့ လက်မှတ်တွေ အကြောင်း သဝဏ်လွှာမှာ ပါတယ်လို့ ပြောပါတယ်” ဟု လွှတ်တော်ရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရွာမ ဆရာတော်ကြီး ဦးဆောင်၍ ပြဋ္ဌာန်းပေးရန် တိုက်တွန်း တောင်းဆိုသည့် ဥပဒေများမှာ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေတို့ ဖြစ်ကြောင်း လွှတ်တော်နှင့် နီးစပ်သူများက ပြောဆိုသည်။

အဆိုပါ ဥပဒေများမှာ နက်နဲ သိမ်မွေ့သည့် ဘာသာ သာသနာ ကိစ္စရပ်များ ဖြစ်၍ ပြည်ထောင်စု လွှတ်တော်က လိုအပ်လျှင် ဥပဒေအဖြစ် ပြဋ္ဌာန်း ဆောင်ရွက်နိုင်ရန် နိုင်ငံတော် သမ္မတက ပေးပို့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ရှင်းပြသည်။

မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး အတွက် အင်းစိန်ရွာမ ဆရာတော် ဦးဆောင်သည့် လှုပ်ရှားမှုများ ၂၀၁၃ ခုနှစ် နှစ်လယ်ခန့်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ဆန္ဒမဲ လက်မှတ်များ လိုက်လံ ကောက်ယူခဲ့သည့် အပြင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် အနီး၌ ပရိသတ် ၂၇,၀၀၀ ကျော် တက်ရောက်သည့် မျိုးစောင့် ဥပဒေ ဟောပြောပွဲ တစ်ရပ် ကျင်းပခဲ့သည်။

သို့သော် အထက်ပါ သဝဏ်လွှာနှင့် ပတ်သက်၍ မသိရှိကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးမောင်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

The Voice Weekly