တပ်မတော်နှင့် SSA မုံးထ နယ်အတွင်း တိုက်ပွဲဖြစ်

ပို့စ်တင်ချိန် - 2/27/2014 02:28:00 PM


မိုင်းတုံ၊ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ် အရှေ့ပိုင်း မုံးထ မြို့နယ်ခွဲ အတွင်း ရှမ်းပြည်တောင်ပိုင်း တပ်မတော်နှင့် တပ်မတော်တို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSS/SSA ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဆက်ဆံရေးရုံး မိုင်းဆတ်၊ မိုင်းတုံ တာဝန်ခံ စိုင်းလောဝ်ဆန်က ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြောကြားသည်။
“လွယ်ပန်းတုန်း စခန်းကို သူ့တို့ပေးထားတဲ့ နေရာ မဟုတ်ဘူး ဆိုပြီး တိုက်တာပါ။ ညနေ ၅ နာရီ စဖြစ်တယ်။ ၇ နာရီလောက်မှာ ရပ်သွားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ စခန်းမှာ စစ်ရေးဆိုင်ရာ အကဲကြည့် အနေနှင့် ယာယီ အသုံးပြုခြင်း ဖြစ်ပြီး အခိုင်အမာ စခန်း တည်ဆောက်ထားမှု မရှိဘဲ လှုပ်ရှား အဖွဲ့အနေဖြင့် ကျူကော်မှ ခေတ္တ လာရောက်ခြင်းသာ ဖြစ်သဖြင့် အင်အား ၁၇ ဦးသာ ရှိကြောင်း၊ ယခု အချိန်တွင် ဌာချုပ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဆက်ဆံရေးရုံး တာဝန်ခံ စိုင်းလောဝ်ဆန်က အတည်မပြုနိုင်သည့် သတင်းအရ တပ်မတော်ဘက်မှ မုံးထ အခြေချ စစ်ဗျူဟာနှင့် ခမရ ၅၁၉၊ ခလရ ၂၂၅ တို့ ပါဝင်ကြောင်း၊ နှစ်ဖက် ထိခိုက်မှုကို ထုတ်ပြန်မှု မရှိသဖြင့် တိုက်ပွဲ ပြင်းထန်မှု မရှိဟု ယူဆရကြောင်း ဒေသခံ အချို့က ဆိုသည်။

မုံးထတွင် တရားဝင်အဖြစ် SSA တပ်မှူး စိုင်းလိတ်၊ ဆက်ဆံရေးမှူး စိုင်းယု အပါအဝင် အင်အား ၆၀ ဦးသာ ရှိကြောင်း မိုင်းတုံ ဆက်ဆံရေး တာဝန်ခံထံမှ သိရှိရသည်။

လာမည့် မတ်လ ၅ ရက်နေ့တွင် မိုင်းပန်မြို့၌ ဆက်ဆံရေးရုံး အသစ် ဖွင့်လှစ်မည့် အစီအစဉ်မှာ ယခု ထိတွေ့မှုကြောင့် ပျက်ပြယ်စရာ အကြောင်း မရှိကြောင်း ၎င်းက ပြောကြားသည်။

“ညှိနှိုင်းထားချက် အရတော့ လမ်းဘေးဝဲယာ နှစ်မိုင်အတွင်း အစိုးရတပ်တွေ လှုပ်ရှားပြီး နှစ်မိုင်ကျော်ရင် ကျွန်တော်တို့ တပ်တွေ လှုပ်ရှားခွင့် ရှိတယ်လို့ သိထားပါတယ်။ အခြားတော့ ပြောခွင့် မရှိပါဘူး” ဟု ၎င်းကဆိုသည်။

၂၀၁၀ မှ ၂၀၁၄ အထိ လေးနှစ်အတွင်း အစိုးရ တပ်များနှင့် တိုက်ပွဲပေါင်း ၃၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး SSA တောင်ပိုင်းတပ်များမှာ ရှမ်းပြည်နယ် အကျယ်အဝန်း၏ ၄၀ ရာခိုင်နှုန်းခန့်တွင် လှုပ်ရှားလျှက် ရှိသည်။

The Voice Weekly