အိမ်အကူမိန်းကလေးငယ်အား ဆီပူစိမ်သည့် မော်ဒယ်မင်းသမီးလင်မယားလုပ်ရပ်အား ဖခင်ဖြစ်သူ တိုင်းဆိပ်ကမ်းအရာရှိက ဖုံးကွယ်ထား

ပို့စ်တင်ချိန် - 4/04/2014 09:33:00 AM



ပုသိမ်၊ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး ဆိပ်ကမ်းအာဏာပိုင်အရာရှိ (ရေ၀န်ကြီး) ဦးကိုကိုနိုင်သည် ရန်ကုန် မြို့နေ သမီးဖြစ် သူ မော်ဒယ်သရုပ်ဆောင် သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံက နေအိမ်ရှိ အိမ်အကူ ကရင်အမျိုးသမီးငယ်အား ညှဉ်းပန်းနှိပ်စက်ခဲ့ရာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာ ရရှိသည်ကို သိသော်လည်း မိန်းကလေးငယ်၏ မိဘများ အား အကြောင်းမကြားဘဲ ဖုံးကွယ်ထားကာ ပုသိမ်ဆေးရုံ၌ တိတ်တဆိတ် ကုသနေကြာင်း စုံစမ်း သိရှိရသည်။

အဆိုပါ အမျိုးသမီးငယ်မှာ ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ မတ်လ ၂၆ ရက် ညနေက အဆောင် (၇) (အမျိုး သမီးဆောင်) ခုတင် ၁၄ တွင် တက်ရောက်ကုသနေသဖြင့် သွား ရောက်တွေ့ဆုံမေးမြန်းခဲ့ရာ “နာ မည်မှာ မထက်ထက် ဖြစ်ကြောင်း၊ အသက် ၁၅ နှစ်ခန့်သာ ရှိသေး ကြောင်း၊မြောင်းမြမြို့ ၀ဲဒေါင့်ကျေး ရွာနေ ဦးချစ်ဦး၊ ဒေါ်မိချိုတို့၏ သမီး ဖြစ်ကြောင်း၊ မော်ဒယ်သရုပ်ဆောင် သီရိကိုကိုနိုင်တို့ နေအိမ်ဖြစ်သော အမှတ် ၃၀၊ ကမ္ဘာအေး ဘုရားလမ်း၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်၊ ဗဟန်း မြို့နယ်နေအိမ်တွင် အိမ်အကူအဖြစ် အလုပ်ဝင် သည်မှာ ၃ လခန့် ရှိပြီ ဖြစ်ကြောင်း၊ ၁ လလျှင် ၂၅၀၀၀ ရကြောင်း၊… မိခင်မှ ၅ လစာကြို တင်ယူထားပြီးဖြစ် ကြောင်း၊ မတ် လ ၂၁ ရက်တွင် ဟင်းအိုးတည်ရာ တူးသွားသဖြင့် မော်ဒယ် သီရိ ကိုကိုနိုင်မှ ဆီပူအိုးထဲတွင် လက်နှစ်ဖက် နှစ်ခံခဲ့ရသဖြင့် လက်နှစ်ဖက်စလုံး အပူလောင်ပြီး ပေါက်ပြဲကုန်ကြောင်း၊ အိမ်၌ ဖြစ်သလိုသာ ကုသပေးကြောင်း၊ နောက်ရက်တွင် အိမ်၌ မွေးထားသောခွေးမှာ အလိုအလျောက် သေသွားသဖြင့် မော်ဒယ် သီရိကိုကိုနိုင်မှာ တံမြက်စည်းဖြင့်ရိုက်ပြီး ခင်ပွန်းဖြစ်သူက မျက်နှာကို လက်သီးဖြင့်ထိုးကြောင်း၊ ကတ်ကြေးဖြင့် လည်း ခန္ဓာကိုယ်အနှံ့ အထိုးခံရကြောင်း၊ ဖခင်နေထိုင်ရာ ပုသိမ်သို့ခေါ်လာပြီး ဆေးရုံတင် ခံရခြင်းဖြစ်ကြောင်း ပြန် လည်ပြော ဆိုသည်။

အိမ်အကူအမျိုးသမီး၏ ခုတင် နှင့်ကပ်လျက် လူနာစောင့် အမျိုး သမီးအား မေးမြန်းရာ ““၂၆ ရက် ညနေက ဆေးရုံကို ဒီကလေး စရောက်လာတာ။ ခပ်၀၀ ထောင် ထောင်မောင်းမောင်း လူတစ်ဦး ဦးဆောင်လာပြီး ဆေးရုံ တင်တာ။ အဲဒီမှာ လူနာစောင့်ထားခဲ့တဲ့ လင်မယားက ကလေးကို ဒီကိစ္စဘယ် သူ့မှလျှောက်မပြောနဲ့၊ ပြောရင် အကုန်လုံးသိသွားရင် ဆေးရုံတင်တဲ့ ဘိုးဘိုးကြီး ထောင်ကျမှာလို့ ပြောပြီး ကလေးနားက မခွာတော့ ဘူး။ ကျွန်မတို့လည်း ဓာတ်ပုံရိုက် ပြီးပြချင်တာ၊ ရိုက်ခွင့်မရှိလို့၊ တစ်ကိုယ်လုံးဒဏ်ရာချည်းပဲ””ဟု မြန်မာ သံတော် ဆင့်သို့ ပြောဆိုသည်။

အဆိုပါဖြစ်စဉ်အား ပုသိမ် မြောင်းမြ စကောကရင်နှစ်ခြင်း သာသနာအသင်းတော်မှ သိရှိသွား ပြီး ပုသိမ်မြို့ အမှတ် ၂ ရဲစခန်း၌ အမှုဖွင့်ခဲ့ရာ ဆေးရုံတင်ပို့သူမှာ သီရိကိုကိုနိုင်၏ ဖခင်ဦးကိုကိုနိုင် ကိုယ်တိုင်ဖြစ်ပြီး မိဘများ အား အကြောင်းမကြားဘဲ ကျိတ်ကုခြင်း ဖြစ်ကြောင်း၊ အမှုဖွင့်ရာတွင် အမှတ် ၂ ရဲစခန်းမှ ဦးကိုကိုနိုင်အား ခေါ်ယူပြီး ရုံးခန်း၌ ညှိနှိုင်းပေးခဲ့ကြောင်း၊ နောက်နေ့ကလေးမိဘများရောက် ရှိပြီး အမှုဖွင့်ရာတွင်လည်း စခန်း မှူးက ၀င်ခေါ်ယူညှိနှိုင်းပေးကြောင်း၊ မိဘများနှင့် ကျေနပ်မှုမရရှိမှသာ အမှုဖွင့်ပေးကြောင်း မြောင်းမြ စကော ကရင်နှစ်ခြင်း သာသနာ အသင်းမှ လိုက်ပါဆောင်ရွက်ပေး သူက ပြောကြားသည်။

အမှတ်၂ရဲစခန်းမှူးအား မေး မြန်းရာ ““ဦးကိုကိုနိုင်မှာ တိုင်းအဆင့် တာဝန်ရှိသူဖြစ်သဖြင့် ဂုဏ်သိက္ခာ ကိုထောက်ထား၍ အဆင်ပြေစေရန် ယခုလို ခေါ်ယူညှိနှိုင်းပေးခြင်း ဖြစ်ကြောင်း၊ ကလေးမိဘများက သဘောမတူသဖြင့် ယခုအခါ မော်ဒယ် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူ ဦးကြည်လှမြင့်တို့ နှစ်ဦး အား (ပ) ၅၁/၂၀၁၄ ရာဇ၀တ်မှု ပုဒ်မ ၃၂၆/၃၂၅ အပြင်းအထန်နာ ကျင်မှုဖြင့် အမှုဖွင့်ထားကြောင်း ပုသိမ်ဘက်မှ သက်သေများကို စစ်ဆေးပြီး အမှုတွဲအား ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရဲ စခန်းသို့ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း၊ မော်ဒယ်သီရိကိုကိုနိုင် နာမည်ကိုတော့ မသုံးစေလိုကြောင်း မြန်မာသံတော်ဆင့်သို့ ပြောကြား သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍တိုင်းဆိပ်ကမ်းအာဏာပိုင်အရာရှိ ဦးကိုကိုနိုင်အားမေးမြန်းရာမှ ဘာမှမပြောနိုင် ကြောင်း ဒီပြင့်သူများ သာ မေးမြန်းရန် ပြန်လည်ပြောဆို ခဲ့သည်။ အဆိုပါဦးကိုကိုနိုင်သည် မတ်လဆန်းပိုင်းက သတင်းကိစ္စ ဆက်သွယ်မေးမြန်းရန် သတင်းသမားများက အိမ်သို့သွားရောက် မေးမြန်းရာ ရုံးကိစ္စ ရုံးမှာသာ မေးနိုင်ကြောင်း အိမ်သို့ရောက်မလာပါနဲ့ ဟု ကြိမ်းမောင်းနှင်ထုတ်ခဲ့ဖူးသည်။

အဆိုပါအမှုမှာ ရဲအရေးပိုင်မှု ဖြစ်သဖြင့် အမှုဖွင့်ပါက ချက်ချင်း ဖွင့်ထားရမည်သာဖြစ်ကြောင်း၊ စခန်းမှူးက ယခုလို ခေါ်ယူညှိနှိုင်း ပေးနေသည်မှာ စဉ်းစားစရာဖြစ်ကြောင်း၊ ယခု တပ်ထားသော ပုဒ်မများနှင့်သာမက အလုပ်သမား ဥပဒေ၊ ကလေးသူငယ်ဥပဒေများ နှင့်လည်းငြိစွန်းနေကြောင်း၊ အမှန် က ဆေးရုံတွင်လည်း တာဝန်ရှိ ကြောင်း၊ မှုခင်းကေ့စ်ဖြစ်သဖြင့် ရဲစခန်းကို အကြောင်းကြားရမည် ဖြစ်ကြောင်း၊ ယခင်က ဆေးရုံများ တွင် မူခင်းရဲအဖြစ် ရဲတပ်ကြပ်ကြီး တစ်ဦးကို ရုံးခန်းဖွင့်လှစ်ပေးထား ကြောင်း၊ ဆေးရုံတစ်ရုံတွင် မှုခင်း ရဲနှင့် မှုခင်းဆရာဝန်ရှိကြောင်း၊ မှုခင်းရဲတပ်ကြပ်ကြီးမှ ဆေးရုံတက် ရောက်လာသူ လူနာများအား မှုခင်းနှင့် ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးပြီး ရှိပါက အမှုဖွင့်လှစ်ပေး ရမည်ဖြစ်ကြောင်း၊ ယခု ပုသိမ် ဆေးရုံတွင် ယခုလို မရှိကြောင်း၊ မိဘများကလည်း မိမိသားသမီး များကို ရပ်ဝေး၌ အလုပ်မခိုင်းစေ သင့်ကြောင်း၊ ကလေး သူငယ် မှုခင်းများကို အခမဲ့ လိုက်ပါဆောင်ရွက် ပေးသူ ရှေ့နေတစ်ဦးက မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြော ကြားသည်။

ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်