ချီလီနိုင်ငံတွင် ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ပျက်စီးမှုစာရင်း ကောက်ယူနေစဉ် အင်အားပြင်းငလျင်ထပ်မံလှုပ်

ပို့စ်တင်ချိန် - 4/04/2014 08:19:00 PM


ဂျပန်နိုင်ငံအထိပင် သတိပေးချက်ထုတ်ပြန်ခဲ့ရသည့် ဆူနာမီလှိုင်း သတိပေးချက်များ ဖြစ်ပေါ်စေခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့သော ရစ်ခ်ျတာစကေး ၈ ဒသမ ၂ အဆင့်ရှိ အင်အားပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက် ကုန်းမြင့်ဒေသများတွင် ခိုလှုံခဲ့ကြ သည့် ချီလီနိုင်ငံသား ထောင် ပေါင်းများစွာသည် ဧပြီ ၂ ရက်တွင် နေရပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။

ငလျင်၏ဗဟိုချက်နှင့် အနီး ဆုံးနေရာတွင်ရှိသော အီကွီကျူ မြို့ရှိ အမျိုးသမီးအကျဉ်းထောင် တစ်ခုမှ နံရံတစ်ဖက် ပြိုကျခဲ့သ ဖြင့် အကျဉ်းသား ၃၀၀ ခန့် ထွက် ပြေးလွတ်မြောက်သွားပြီးနောက် တိုက်ခိုက်လုယက်မှုများကို ကာ ကွယ်ရန် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ ကင်းလှည့်နေကြ သည်။

ငလျင်နှင့် ဆူနာမီလှိုင်း များကြောင့် ချီလီနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်ရှိ နေအိမ်များမှ လူပေါင်းတစ်သန်းခန့် ဘေးကင်းရာသို့ တိမ်းရှောင်ခဲ့ရ သည်။

မြို့တော် ဆန်တီယာဂို၏ မြောက်ဘက်ကီလိုမီတာ ၁,၈၀၀ အကွာတွင်တည်ရှိသော အီကွီ ကျူမြို့ရှိ နေအိမ်များမှာ ခေါင်မိုး များ ပျက်စီးသွားပြီး ပြတင်းပေါက်များ ကျိုးပျက်ကာ စူပါမားကက် များတွင် ခင်းကျင်းထားသော ပစ္စည်းများ ကြမ်းပြင်ပေါ်သို့ ပြုတ် ကျပြန့်ကျဲနေပုံကို ချီလီရုပ်သံ သတင်းဌာနများက ပြသခဲ့သည်။

အီကွီကျူမြို့အနီးရှိ အယ်လ်တိုဟော့စ်ပီစီယိုမြို့တွင် နေအိမ် ပေါင်း ၂,၀၀၀ ခန့် ပျက်စီးသွား သည်ဟု အမျိုးသားအရေးပေါ် ကယ်ဆယ်ရေးရုံးက ပြောသည်။

ယင်းငလျင် လှုပ်ခတ်မှုမှာ ပီရူးနိုင်ငံအထိ ရိုက်ခတ်ခဲ့ကာ ကုန်းတွင်းပိတ် ဘိုလီးဗီးယားနိုင်ငံ သို့ပင် သက်ရောက်ခဲ့သည်။

ချီလီနိုင်ငံမြောက်ပိုင်း ငလျင်ဒဏ်ခံဒေသ၌ ငလျင်လှုပ်ပြီး နောက်တစ်ရက်တွင် ပျက်စီးဆုံး ရှုံးမှုများ စစ်ဆေးကြည့်ရှုရန် ချီလီနိုင်ငံမြောက်ပိုင်း အာရီကာမြို့သို့ သမ္မတဘာချီလက် ရောက်ရှိနေစဉ် ရစ်ခ်ျတာစကေး ၇ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု ဒုတိယအကြိမ် လှုပ်ခတ်ခဲ့သဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရ သည်။

ဒုတိယငလျင်မှာ ပထမ ငလျင်လှုပ်ခတ်ခဲ့သည့် အီကွီကျူ မြို့ တောင်ဘက် ၁၄ မိုင်အကွာ ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၃ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဒုတိယငလျင် လှုပ်ခတ်ပြီး ဆူနာမီသတိပေးချက်များ ထပ်မံ ထုတ်ပြန်ခဲ့သော်လည်း ကမ်းခြေ တစ်လျှောက် လှိုင်းလုံးကြီးများ ရိုက်ခတ်ရုံမှလွဲ၍ လူသေဆုံးမှုနှင့် ပျက်စီးမှုသတင်း မကြားရသေး ပေ။

7 Day Daily