ဟိုင်းလပ်ယာဉ်များ စည်ပင်နယ်နိမိတ်အတွင်း ဧပြီလကုန်ထိ ပြေးဆွဲခွင့်ပြု

ပို့စ်တင်ချိန် - 4/04/2014 10:27:00 AM


ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့် ပိတ်ပင်ထားသည့် ဟိုင်းလပ်ယာဉ်များကို ဧပြီလကုန်အထိ ပြေးဆွဲခွင့် ပြုသွားမည် ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ဗဟိုကော်မတီ (မ.ထ.သ-ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်စွာ သွားလာနိုင်ရန် ဟိုင်းလတ်ယာဉ် များကို မီနီဘတ်ယာဉ်များဖြင့် အစားထိုး၍ မြို့တွင်းသို့ ပြောင်းလဲ ပြေးဆွဲစေခဲ့ရာ ဟိုင်းလတ်ယာဉ် ပိုင်ရှင်များနှင့် ယာဉ်လုပ်သားများက ဆန္ဒထုတ်ဖော်ပြီး အခက်အခဲကို အကြိမ်ကြိမ် တင်ပြလာသည့် အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ယင်းကဲ့သို့ တစ်လထပ်မံ ဖြေလျော့ သတ်မှတ်ပေးခြင်း ဖြစ်ကြောင်း ဧပြီလ ၃ ရက်နေ့က အဆိုပါ ကော်မတီ ရုံးတွင် ပြုလုပ်သည့် ဟိုင်းလတ်ယာဉ် ပိုင်ရှင်များနှင့် တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားသည်။

“အခု အစီအစဉ်က ဟိုင်းလတ်တွေကို ဖျက်သိမ်းတာ မဟုတ်ဘူး။ စည်ပင်နယ်နိမိတ်အတွင်း ပေးမဝင်ဘူးပဲ ပြောတာ။ ခုဆို တစ်စတစ်စ ဖြေလျော့လာတော့ စည်းကမ်းညွန်ကြားချက် လိုက်နာသူတွေက ပြောစရာ ဖြစ်လာတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ တစ်လထပ်မံ သက်တမ်းတိုးပေးသည်ကို ဟိုင်းလတ်ယာဉ် ပိုင်ရှင်အများစုက ကျေနပ်မှု မရှိကြောင်း ရွှေပြည်သာမြို့နယ် ဟိုင်းလတ်ယာဉ်လိုင်းပေါင်းစုံက ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ဆိုသည်။

“ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်လုပ်သားတွေက အခုနှစ်ကုန်ထိ ခွင့်ပြုစေချင်တာ” ဟု ၎င်းက ဆိုသကဲ့သို့ တိုက်ကြီး-ရန်ကုန် အောင်တံခွန်ယာဉ်လိုင်းက ဒုဥက္ကဌ ဦးကင်လင်းက “ကျွန်တော်တို့က မီနီဘတ်ကို စိတ်ကို မဝင်စားဘူး။ ဒီလူတွေ ဒီမူတွေ ပြောင်းတော့မှ လဲဖို့ ကြိုးစားတော့မယ်” ဟု ဆိုသည်။

တိုက်ကြီး-မှော်ဘီ-ရန်ကုန်သွား ခရီးသွားပြည်သူများအတွက် ဟိုင်းလတ်ယာဉ်မှာ မရှိမဖြစ် ဖြစ်သောကြောင့် စည်းကမ်း တင်းကြပ်ကာ တစ်နည်းတစ်ဖုံ ပြောင်းလဲ၍ ပြေးဆွဲခွင့် ပြုသင့်ကြောင်း ၁၃၂ ယာဉ်လိုင်းက ဟိုင်းလတ်ယာဉ် နှစ်စင်းပိုင်ရှင် ဦးစိုးမြင့်ကြည်က ဆိုသည်။

“ခရီးသွားပြည်သူတွေဘက်က ကြည့်ရင်တော့ သက်တောင့်သက်သာ စီးချင်တာ ဖြစ်တဲ့အတွက် ကျွန်တော့်ကား နှစ်စီးထဲက တစ်စီးကို မီနီဘတ် ပြောင်းဖို့ စဉ်းစားနေပါတယ်” ဟု မှော်ဘီ-ရန်ကုန် ဟိုင်းလတ်ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ဟိုင်းလတ်သည် ပြင်ဆင်စရိတ် သက်သာ၍ အဆင်ပြေကြောင်း၊ မီနီဘတ်မှာ ပြင်ဆင်စရိတ် ဈေးကြီးသည့် အတွက် ပြောင်းရန် မလွယ်ကြောင်း တိုက်ကြီး-မှော်ဘီ ရွှေရန်ကုန် (ဟိုင်းလတ်) မှ ကိုယ်စားလှယ် ဦးကျော်ကိုကိုက ပြောကြားသည်။

ဟိုင်းလတ်ယာဉ် မရှိပါက မှော်ဘီ-တိုက်ကြီး ဒေသထွက် သီးပင်စားပင်များကို ရန်ကုန်မြို့တွင်းရှိ ဈေးကြီးများထဲသို့ ပိုဆောင်ရန် ခက်ခဲသည့်အတွက် ကုန်ဈေးနှုန်းများ တက်လာနိုင်ကြောင်း မှော်ဘီမြိုနယ်တွင် နေထိုင်သည့် ပန်းကုန်သည် တစ်ဦးက ဆိုသည်။

“မှော်ဘီက အသီးအရွက် ထွက်ပေမယ့် တစ်ချို့သီးပင်စားပင်နဲ့ သားငါးတွေကို ရန်ကုန်က ပြန်ယူရတယ်။ ဈေးကြိုကားတွေက နည်းနေသေးတဲ့ အတွက် ဟိုင်းလတ်ကိုပဲ အမှီပြုနေရတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်း သွားရောက်သည့်အခါ ဟိုင်းလတ်ယာဉ်မှာ မြန်ဆန်သော်လည်း အရှိန်ပြင်း မောင်းနှင်သည့်အတွက် မကြာခဏ ယာဉ်တိုက်မှု ဖြစ်ပွားလေ့ ရှိကြောင်း၊ ယာဉ်ကြံ့ခိုင်မှု မရှိဘဲ အဝေးပြေး လမ်းမပေါ်တွင် ထင်သလို မောင်းနှင်နေခြင်းမှာ အသက်ကို ဖက်ဖြင့်ထုပ်၍ နေ့စဉ် သွားလာနေရသည်ဟု ခံစားမိကြောင်း မှော်ဘီမြို့နယ်နေ မငြိမ်းအိမွန်က ပြောကြားသည်။

အဆိုပါ ယာဉ်များကို စည်ပင်နယ်နိမိတ်အတွင်း ဝင်ရောက်ခြင်း မပြုတော့သည့် အတွက် အလုပ်သွား ပြန်ချိန်များတွင် ကားမလုံလောက်သည့် အတွက် အစိုးရအနေဖြင့် တစ်နည်းတစ်ဖုံ စီစဉ်ပေးသင့်ကြောင်း ရွှေပြည်သာမြို့မှ ရန်ကုန်မြို့တွင်းသို့ နေ့စဉ် အလုပ်လာရောက် လုပ်ကိုင်နေသူ ဦးနေမင်းက ဆိုသည်။

ဟိုင်းလတ်ယာဉ်များကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကုန်မှ စ၍ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သော်လည်း အဆိုပါ ယာဉ်ပိုင်ရှင်များ၏ တောင်းဆိုချက်အရ မတ်လ ၃၁ ရက်နေ့ထိ ပြေးဆွဲခွင့် ပြုခဲ့ပြီး ယာဉ်ပိုင်ရှင် ယာဉ်နောက်လိုက်များက ဆန္ဒထုတ်ဖော် တောင်းဆိုလာသည့် အတွက် ဧပြီလကုန်ထိ ရန်ကုန် စည်ပင်နယ်နိမိတ် အတွင်း ပြေးဆွဲရန် ဖြေလျော့ပေးခဲ့ခြင်း ဖြစ်သည်။

ဟိုင်းလတ်ယာဉ်များမှာ အင်းစိန်-သမိုင်းလမ်းဆုံမှ ပဲခူး၊ သိရိမင်္ဂလာဈေးဟောင်းမှ မှော်ဘီ-တိုက်ကြီး၊ အင်းစိန်ပန်းခြံမှ ရွှေပြည်သာ မြို့နယ်များသို့ ပြေးဆွဲလျက်ရှိပြီး ခရီးသည်တင် ဟိုင်းလတ်ယာဉ်ပေါင်း တစ်ထောင်ကျော် ရှိကြောင်း မထသ (ဗဟို) စာရင်းများအရ သိရသည်။

The Voice Weekly