နတ်တလင်းမြို့နယ် တာစုကံစုကျေးရွာ၌ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 4/16/2014 07:36:00 PM


နေပြည်တော် ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ရှိ ဆီဆုံကုန်းကျေးရွာအုပ်စု တာစုကံစုကျေးရွာနေ အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဘာသာခြားတစ်ဦးနှင့် ချစ်ကြိုက်နေပြီး ယမန်နေ့ ညပိုင်းတွင် ထိုအမျိုးသားမှာ အဆိုပါနေအိမ်တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် ရွာသူရွာသားများက မကျေမနပ်ဖြစ်ပြီး ယမန်နေ့ ည ၁၁ နာရီခွဲခန့်မှစ၍ အဆိုပါနေအိမ်အား ၀ိုင်းထားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ဖြစ် ပေါ်နေကြောင်း သတင်းအရ နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့နယ်မှူး ရဲမှူး အောင်သန်းဦးစီးအဖွဲ့၊ ကျေးရွာ အထောက်အကူပြု အဖွဲ့များက အဆိုပါကျေးရွာသို့ ယနေ့ နံနက် ၃ နာရီခန့်တွင် ရောက်ရှိပြီး နယ်မြေတည်ငြိမ်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန် ညှိနှိုင်းပြောကြားခဲ့သည်။
ယင်းသို့ ပြောကြားနေစဉ် ကာယကံရှင်အမျိုးသမီးက အိမ်ပေါ်မှ မခြေမငံ အော်ဟစ် ပြောဆိုလာသဖြင့် ရွာသူရွာသားများက နေအိမ်အား ခဲများဖြင့်ပစ်ပေါက်ခြင်း၊ ထိုအမျိုးသားစီးနင်းလာသော ဆိုင်ကယ်အား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က အကြမ်းမဖက်ကြရန် မေတ္တာရပ်ခံပြီး ယင်းအမျိုးသားအား လုံခြုံရာသို ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြောင်း ၊ ထို့နောက် တာဝန်ရှိသူတို့က ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ခဲ့သဖြင့် နံနက် ၄ နာရီ ခွဲခန့်တွင် လူစုကွဲသွားကြောင်း၊ အခင်းဖြစ်ပွားရာ နေရာသို့ သာယာဝတီ ခရိုင် ရဲမှူးနှင့်အဖွဲ့ ထပ်မံရောက်ရှိလာပြီး ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခဲ့ သည့်အတွက် ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်း သွားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

Yangon Police