သမ္မတကြီးဦးသိန်းစိန်အတွက် စာတစောင်

ပို့စ်တင်ချိန် - 4/16/2014 10:16:00 AM



အကျဉ်းစံ တေးရေးဆရာ “ဖုန်းမြတ်မင်း”၏ “မျှော်လင့်သော မနက်ဖြန်” တေးသီချင်းအား နားဆင်ခံစားခြင်း
 .
“မျှော်လင့်ချက်ဆိုတဲ့ စကားဟာ စာလုံး ၃ လုံးပဲရှိပေမယ့် လူတယောက်ရဲ့ စိတ်နဲ့ဘ၀ကို အများကြီး အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။

မျှော်လင့်ချက်ကြောင့် စိတ်ဓာတ်အင်အားတွေပြည့်ဝပြီး အနာဂတ်တွေ ပီပြင်လာရတယ်။ မျှော်လင့်ချက်မဲ့သွားလို့ စိတ်ဓာတ်တွေကျဆင်းပြီး အနာဂတ်မဲ့သွားရလို့ မကြံစည်သင်တာတွေ ကြံစည်ပြီး ပျက်သုန်းသွားရတဲ့ ဘ၀တွေလည်း ကြုံဖူး၊ ကြားဖူးကြမှာပါ။

မျှော်လင့်ချက်ကြောင့် ဘ၀တွေ၊ အသက်ရှင်ခြင်းတွေဟာ အဓိပ္ပါယ်ရှိလာရသလို မျှော်လင့်ချက်မဲ့သော အခြေအနေကြောင့် ဘ၀တွေ၊ အသက်ရှင်ခြင်းတွေ အဓိပ္ပါယ်မဲ့သွားတာမျိုးလည်း ရှိပါတယ်။

ဒါကြောင့် ဘာပဲပြောပြော လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတယ်ဆိုတာတော့ အားလုံးသိကြတဲ့ အမှန်တရားတခုပါ။

လွတ်လပ်စွာ ရှင်သန်ခွင့်ရတဲ့ ဘ၀အနေအထားမျိုးမှာ ရုတ်တရက်မျှော်လင့်ချက်မဲ့တဲ့အနေအထားမျိုး ကြုံတွေ့ခဲ့ရင် မိမိရဲ့ ကာယအား၊ ဥာဏအားနဲ့ ဘ၀ကို ပြန်လည်ပြီးကြိုးစားတည်ဆောက်ပြီး မျှော်လင့်ချက် တွေ ပြန်တောက်ပလာအောင် လွတ်လပ်စွာ ကြိုးစားနိုင်စွမ်းရှိနိုင်ပါတယ်။ တကယ်လို့ မျှော်လင့်သလို လုံးဝဖြစ်မလာ ဘူးဆိုရင်တောင် မိမိရဲ့ အစွမ်းရှိသလောက် ကြိုးစားပြီးမှ ဖြစ်ရတဲ့အတွက်ဘာပဲဖြစ်ဖြစ် ဖြေနိုင်တယ်လို့ ဆိုရပါမယ်။

အကျဉ်းစံဘ၀နဲ့ ရှင်သန်နေထိုင်ရသူများအတွက်ကတော့ မျှော်လင့်ချက်တွေပျက်ပြယ်သွားတိုင်း ဘယ်လို ကြိုးစားခွင့်မရှိဘဲ၊ ဘယ်ကိုမှ တင်ပြတိုင်တည်ခွင့်မရှိဘဲ ကံကြမ္မာကိုရင်စီးခံပြီး မျှော်လင့်သလို ခံစားခွင့်မရတဲ့  ဘ၀အတွက် ၀မ်းနည်းကြေကွဲစွာနဲ့ မျက်ရည်ပေါက်ကြီးငယ်ကျပြီး အသက်ရှင်ချင်စိတ်ကင်းမဲ့လောက်အောင် စိတ်ဓာတ်တွေကျခဲ့ရပါတယ်။

ဒါဟာ နိုင်ငံတော်သမ္မတရဲ့ လူသားချင်းစာနာထောက်ထားပါတယ်ဆိုတဲ့ လွတ်ငြိမ်းခွင့်တွေလာတိုင်း အကျဉ်းစံ တွေဖြစ်တဲ့ ထောင်တသက်နဲ့ နှစ်ကြီးပြစ်ဒဏ်ကျနေသူများရဲ့ ခံစားချက်တွေဖြစ်ပါတယ်။

အဲဒီခံစားချက်တွေကို (၂၆-၂-၂၀၁၄) မှာ ကျရောက်တဲ့ အကျဉ်းဦးစီးဌာနရဲ့ နှစ်ပတ်လည်နေ့ မိသားစု ပဒေသာကပွဲမှာ တေးရေး-အကျဉ်းစံဘုန်းမြတ်မင်းက ဘ၀တူ အကျဉ်းစံတွေရဲ့ တူညီသော ခံစားချက်ကို သီချင်းအဖြစ် အသက်သွင်းထားတဲ့ “မျှော်လင့်သော မနက်ဖြန်” ဆိုတဲ့ တေးသီချင်းကို ရင်နှင့်ခံစားရေးဖွဲ့ပြီး ထူးခြားသော Performance တွေနဲ့ တင်ဆက်ခဲ့ပါတယ်။

အကျဉ်းစံတွေအားလုံးဟာ သီချင်း သီဆိုတင်ဆက်နေချိန်မှာ မျက်ရည်မဆည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ သံတိုင်တွေနဲ့ အုတ်ရိုးပုံ အပြင်အဆင်တွေရဲ့ကြားမှာ ခေါင်းငိုက်စိုက်ချပြီး မျက်ရည်များဖြင့်သီဆိုနေသော ဘ၀တူ အကျဉ်းစံအဆိုတော်များကို မြင်ယုံနဲ့တင် သီချင်းမသီဆိုခင်ထဲက စတင်ပြီး ငိုကုန်ကြပြီဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒါဟာ “ယုံကြည်ချက်မဲ့ အကျဉ်းသား”လို့ ကိုယ့်ကိုကိုယ်ကင်ပွန်းတပ်ထားတဲ့ အကျဉ်းစံများအားလုံးရဲ့ ရင်တွင်းခံစားချက်အစစ်အမှန်ပါ။ ဒါတွေကို သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ အကြီး အကဲများကို သိစေချင်ပါတယ်။ အကျဉ်းစံများရဲ့ ရင်တွင်းကို ၀င်ရောက်ခံစားကြည့်စေချင်ပါတယ်။

ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပါဝင်ပြီး အာဏာရှင်စနစ်ကို တော်လှန်ရင်း ထောင်နန်းစံရသူတွေကို “ယုံကြည်ချက် အကျဉ်းသား”လို့ သုံးနှုန်းခေါ်ဝေါ်တာ အားလုံးအသိဖြစ်ပါတယ်။

ဒါကြောင့် “ယုံကြည်ချက်အကျဉ်းသား” ခေါင်းစဉ်အောက်မှာ အကျုံးမ၀င်တဲ့ အကျဉ်းစံတွေကို “ယုံကြည်ချက်မဲ့ အကျဉ်းသား” လို့ ကင်ပွန်းတပ်တာမှားမည်မထင်ပါ။ အဲဒီ အမည်နာမအပေါ်မှာ စာရေးသူရဲ့ ခံစားချက်နဲ့ အဓိပ္ပါယ်ဖွင့်ရှင်းပြချက်ပါတယ်။

ထောင်ထဲမှာ ပြစ်မှုမျိုးစုံနဲ့ ရောက်ရှိနေကြသူတွေကို ထောင်တွင်းတရား စခန်းများ၊  တရားပွဲများ၊ စာကြည့်တိုက်များ ဂီတပွဲများဖြင့် စိတ်နှလုံး နုညံ့လာအောင် အကျဉ်းဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်။ ဒါကြောင့်လည်း “အကျဉ်းထောင်” ဆိုတဲ့ စကားရပ်အစား Correctional Depertment ပြုပြင်ထိန်းသိမ်းရေးဌာနလို့ ပြောင်းလည်း ခေါ်ဝေါ်နေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုဆို နရသိန်စံများဟာ အရင်တခတ်ထက်ကို ပိုပြီး ပြောင်းလဲလာပြီး ယဉ်ကျေးလာပါတယ်။ နယူတန်ရဲ့ တူညီသော သက်ရောက်မှုအတွက် တူညီသော တုန့်ပြန်မှုဆိုတဲ့ သီအိုရီ အတိုင်း နုညံ့ညင်သာသော ပြုပြင်မှုအတွက် နုညံ့ သိမ်မွေ့ယဉ်ကျေးသော တုန့်ပြန်ပြောင်းလဲလာမှုဟု ဆိုချင်ပါသည်။

ထောင်တွင်းမှာရှိနေတဲ့ အကျဉ်းစံအတိုင်း အမြဲဆိုးမိုက်နေသော လူမိုက်များမဟုတ်ကြပါ။ လူတိုင်းတွင် အမှားရှိပါသည်။ မှားပုံမှားနည်းခြင်းသာကွာပါလိမ့်မည်။ အမှားကို မှားမှန်းသိ၍ ပြုပြင်လာမှုကို လက်ခံ နားလည်ပေးပြီး ကြိုဆိုသင့်ပါသည်။

တချိန်က လူဆိုးလူမိုက်များဖြစ်ခဲ့လျှင်တောင် အကျဉ်းစံတွေရဲ့ နှလုံးသားဟာ တရားဓမ္မရဲ့ အစွမ်းကြောင့် နုညံ့လာပြီး မိမိတို့ ကြုံနေရတဲ့ ဘ၀နဲ့ တိုက်ဆိုင်မှုရှိတဲ့ တေးသီချင်းကို နားဆင်ရတာနဲ့တင် မျက်ရည်မဆည် နိုင်တဲ့ နုညံ့သော နှလုံးသားပိုင်ရှင်များဖြစ်နေကြပါပြီ။ “နှလုံးလှလူမိုက်များ” ဖြစ်နေပါပြီဟု ပြောလိုပါသည်။

အာဏာရှင်စနစ်ကို တော်လှန်ရာမှာ မပါဝင်ခဲ့ပေမယ့် အဲဒီအာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကြောင့် ပညာ၊ စီးပွား၊ လူမှုစနစ်တွေယိုင်နဲ့ပြီး အတွေးမှား၊ အသိမှား၊ အတုယူမှားတွေကြောင့် အကျဉ်းစံဘ၀ရောက် ရသူတွေလည်း ဒုနဲ့ဒေးပါ။

ဘာကြောင့်ပဲ နရသိန်စံဘ၀ရောက်ရောက် အခုအချိန်မှာတော့ အားလုံးဟာ ပြောင်းလဲနေပြီဖြစ်ပါသည်။ သို့ပေမယ့်လည်း အကျဉ်းစံတို့ရဲ့ ကောင်းသောပြောင်းလဲလာမှုတွေကို သမ္မတကြီးက အယုံအကြည်မရှိသေး ဘူးလို့ ထင်ပါတယ်။ စာရေးသူတို့အပေါ် သမ္မတကြီး အယုံအကြည်မဲ့နေပါသေးတယ်။ ဒါကြောင့်လည်း  ထောင်တသက်လို့ ပြောင်းလဲပေးထားသော ၃ နှစ် ၃ မိုး ကြာတာတောင် အခြားထောင်တသက်ကို ၄၀ နှစ် သတ်မှတ်လို့မှ ခံစားခွင့်မရသူတွေ။ ခေတ်အဆက်ဆက်မှာ သေဒဏ်တောင် နှစ် ၂၀ နဲ့ ပြောင်းလဲပေးခဲ့ပေမယ့်  အခုတော့ ထောင်တသက်ကို လူ့သတ်တမ်းတ၀က်ရှိတဲ့ နှစ် ၄၀ လို့ သတ်မှတ်တာခံရသူတွေနဲ့ ပေးကားပေး၏ မလွတ်ဟုဆိုရနိုင်သော ထိရောက်သောခံစားခွင့်မရသူတွေဖြစ်ခဲ့နေတာပါ။ စာရေးသူတို့အပေါ် သမ္မတကြီး ယုံကြည်ချက် မရှိသေးတာအသေအချာပါ။

ဒါကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်မဲ့ အကျဉ်းသားလို့ ကင်ပွန်းတပ်ကာ စာရေးသူအနေနဲ့ ကန့်ကွက်ရန်မရှိ လက်ခံပါတယ်။

ယုံကြည်ပေးပါ သမ္မတကြီး ——— တကယ်ကို ပြောင်းလဲနေပါပြီ။

ခေတ်ဆိုးစနစ်ဆိုးတခုကို  ဖြတ်သန်းချိန် အမှောင်ထဲမှ လမ်းမှာဆိုတာ ရောက်နိုင်ပါတယ်။ လူတယောက်ကို လူ့ပတ်ဝန်းကျင်နဲ့ အကြာကြီး အဆက်အသွယ်ဖြတ်ထားခြင်း၊ ထိုသူအတွက်ရော မိသားစုအတွက်ပါ အင်မတန် ကို ဆိုးကျိုးတွေများပါတယ်။ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမှာ စိတ်ဓာတ်သေသွားပါတယ်။ စိတ်ကို သတ်တာ လူကိုသတ်တာထက် ပိုဆိုးပါတယ်။

အကျဉ်းစံတွေထဲမှာ တကြိမ်တခါသာ မိုက်မှားမိတဲ့ ပညာတတ်လူငယ်တွေလည်းအများအပြားပါ။ ဒါကြောင့် ဒီလိုလူတွေကို ငဲ့ညာသောအားဖြင့် စဉ်းစားပေးစေချင်ပါတယ်။ တကြိမ်တခါမှားမိသူတွေအား ခွင့်လွတ်ရင်းနဲ့  ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရာမှာ ပါဝင်ခွင့်ပေးသင့်ပါတယ်။

ထပ်ပေးမယ့် လွတ်ငြိမ်းခွင့်တိုင်းမှာ မည်သည့် ကန့်သတ်ချက်မျိုးမှ မပါဘဲ တကယ့်ကို ထိုက်ထိုက်တန်တန် ထိထိရောက်ရောက်နဲ့ ချွင်းချက်မရှိ အကျဉ်းစံအားလုံးခံစားခွင့် အမှန်တကယ်ရသော လွတ်ငြိမ်းခွင့်မျိုး ဖြစ်စေချင်ပါတယ်။  ချွင်းချက်နဲ့ လူတစုစာကို ကွက်ချန်ပြီး ကြေညာသော လွတ်ငြိမ်းခွင့်များကြောင့် ခံစားရသူတွေရဲ့ ခံစားချက်ကို မျှဝေခံစားကြည့်စေချင်ပါ။

ဘယ်လိုမျိုးဘဲ ကောင်းသောစနစ်တွေ ပြောင်းလဲလာပါစေ ထောင်ထဲမှာ နေချင်သူရယ်လို့မရှိပါဘူး။ မျက်စိဖွင့်တာနဲ့ တမ်းတမိတာ မိသားစုရင်ခွင်ပါ။ ဖြေရှင်းမရတဲ့ခံပြင်းစရာကိစ္စတွေကြောင့် အံကြိတ်ရင်း မျက်ရည်ကျရမှုတွေ၊ သံသယမျက်လုံးတွေကြားမှာ အငွေ့ပျံရတဲ့ သိက္ခတရားတွေ၊ စာနာမှုမဲ့တဲ့ စကားတွေ၊ အပြုအမှုတွေ ခံရတိုင်းမှာ တမ်းတမိတာ အမေရဲ့ မေတ္တာရိပ်ကိုပါ။

တကယ်တော့ စိတ်ဆိုတာ တသတ်မှတ်ထဲ မရှိဘဲ အမြဲပြောင်းလဲနေပါတယ်။ ဒီနေ့လူဆိုးမနက်ဖြန် လူကောင်း ဖြစ်နိုင်ပါတယ်။ အမြဲတမ်း အမှောင်ထဲမှာနေရလိုသူရယ်လို့ မရှိပါဘူး။ အိပ်ရေးဝသည်ဖြစ်စေ၊ မ၀သည်ဖြစ်စေ၊ နေကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အမိန့်တခုနဲ့ အိပ်ရာကထ ငုတ်တုတ်တန်းစီ၊ တခါတရံ ကျီးမနိုး ခင်ကွင်းပြင်ထဲ ထွက်တန်းစီပြီးရှိသမျှ အထုပ်တွေ ရှာဖွေခံရတဲ့ သက်မဲ့စက်ရုပ်လို ဘ၀တွေထဲက ရုန်းထွက်ချင လှပါပြီ။

မိမိတို့ကြောင့် နစ်နာခဲ့ရတဲ့ မိသားစုတွေကိုလည်း ပြန်လည်ပေးဆပ်လိုချင်လှပါသည်။ ယိုင်နဲ့သောတရားရေး မဏ္ဍိုင်ကြောင့် မဖြစ်သင့်တဲ့ မိဘမဲ့ဖြစ်ခဲ့ရတဲ့ ကလေးငယ်တွေရဲ့ မျက်ရည်တွေကို သမ္မတကြီးရဲ့ မေတ္တာလက်နဲ့ သုတ်ပေးစေချင်ပါတယ်။

အာဏာရှင်စနစ်ရဲ့ ငွေများတရားနိုင်ခေတ်မှာ တကယ်လုပ်သူရော၊ မလုပ်သူရော၊ ခုခံချေပခွင့်မဲ့သူရော၊ သံသယရဲ့ အကျိုးခံစားခွင့်မရှိသူရော၊ သက်သေမခိုင်လုံသူရော၊ ပြစ်မှုပြစ်ဒဏ်မမျှသူတွေရော အစုံပဲ နရသိန်စံ ဘ၀ရောက်ခဲ့ရပါတယ်။

ဒါကြောင့်လည်း မျှော်လင့်သော မနက်ဖြန်တေးသီချင်းရဲ့  Rap စာသားမှာ စာသားအချို့ကို မိမိဘာသာ ထပ်ဖြည့်သီဆိုမိပါတယ်။

တချို့လုပ်လည်း တချို့ ဟုတ်လည်း ဆိုတဲ့ စာသားကို ဖြည့်စွက်လိုက်ချင်ပါတယ်။ ထောင်ထဲက အကျဉ်းစံတွေရဲ့ အဖြစ်တွေစုံလင်သွားမှာပါ။

နရသိန်စံတွေ၊ နှလုံးသားနဲ့ ရေးစပ်သီဆိုပြီး သီဆိုသူရော၊ ရေးဖွဲ့သူအပြင်၊ နားဆင်သူတွေပါ ငိုကြွေးခဲ့ရတဲ့ “မျှော်လင့်သော မနက်ဖြန်”ဆိုတဲ့ တေးသီချင်းကို နိုင်ငံတော်သမ္မတကြီးက နှလုံးသားဖြင့် ခံစားနားဆင်ပြီး အကျဉ်းသားတဦးမကျန် တကယ်ကို ချွင်းချက်မရှိ ခံစားခွင့်ရသော စစ်မှန်သည့် “အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်” အမိန့်အား အမြန်ဆုံးထုတ်ပြန်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

နရသိန်စံများအားလုံးက သမ္မတကြီးကို မေတ္တာရပ်ခံချင်ပါတယ်။

“ယုံကြည်ချက်မဲ့ အကျဉ်းသားများ ထောင်ထဲ၌ ရှိနေပါသည်။”

“ဘင်္ဂလားပင်လယ်အော်ထဲသို့ ပစ်မချပါနဲ့” လို့ မေတ္တာရပ်ခံပါတယ်။

(ဧရာဝတီရုံးကိုရောက်လာတဲ့ စာတစောင် ရှိပါတယ်။ ဒီစာကို ဦးသိန်းစိန် ဖတ်စေချင်တယ်လို့ စာ ယူဆောင်လာသူက ဆန္ဒရှိတဲ့အတွက် – သမ္မတကြီးဦးသိန်းစိန်အတွက် စာတစောင် လို့ ခေါင်းစဉ် တပ်ပေးလိုက်ပါတယ်)

 Irrawaddy