သင်္ကြန် (နိုင်ငံရေး) စာ

ပို့စ်တင်ချိန် - 4/16/2014 10:08:00 AM


မြန်မာပြည်နိုင်ငံရေးမှာ အစဉ်အလာတွေ အသေအချာရှိတယ်။

• ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ မှာ အာဏာသိမ်းပြီး ၂၆ နှစ်ကြာအုပ်စိုးတယ်။ အဆုံးမှာ 'ဆီကိုရေချိုး ဆေးရိုးမီးလှုံခဲ့တဲ့ မြန်မာပြည်' ဟာ 'ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ' စာရင်းထဲ ရောက်ပြီးနောက်မှာ တတိုင်းတပြည်လုံးက အုံကြွတာကို ခံလိုက်ရတော့တယ်။
• ၁၈-၉-၁၉၈၈ မှာ (နဝတ) နာမယ်ခံပြီး၊ ဗိုလ်ချုပ်ကြီးစောမောင်ကနေ အာဏာသိမ်းတယ်။ ဦးနေဝင်းကိုလဲ အသက်ချမ်းသာခွင့်ပေးသလို (မဆလ) ကိုလဲ (တစည) အဖြစ် ပြောင်းစေပြီး (မဆလ) ဥစ္စာဓန အမွေမှန်သမျှလဲ ခံစားခွင့်ပေးခဲ့တယ်။
• ဗိုလ်ချုပ်မှူးကြီးစောမောင်ကနေ ၂၇-၅-၁၉၉ဝ မှာ ရွေးကောက်ပွဲလုပ်ပေးပြီး၊ အာဏာလဲလွဲမယ်လို့ပြောတဲ့အခါ NLD က အပြတ်အသတ်နိုင်လို့ ဗိုလ်ချုပ်ကြီးသန်းရွှေကနေ အာဏာသိမ်းလိုက်တယ်။ (နဝတ) ကနေ (နအဖ) လို့ နာမယ်ပြောင်းပြီး (နဝတ) မှန်သမျှကိုလဲ ဘာတခုမှ အရေးမယူပါ။ ဗခ တင်ဦး နဲ့ ဗခ ခင်ညွန့်တို့ကိုစာ နည်းတမျိုးစီနဲ့ ရှင်းပြစ်ပါတယ်။
• ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံမှန်သမျှကို ဖမ်းဆီး၊ နှိပ်ကွပ်၊ ထောင်ချ၊ အကျယ်ချုပ်ချ၊ သေကြောင်းကြံစည်တာတွေ လုပ်တယ်။ ဒိထက်မတတ်နိုင်တော့တဲ့အဆုံးမှာ သူကိုယ်တိုင်က အနားယူပြီး၊ ကြံ့ခိုင်ရေးပါတီ ထောင်စေပြီး လက်လွဲပေးလိုက်တယ်။
• ဦးနေဝင်းကတော့ သူနဲ့အတူ ထိပ်ဆုံးက သူ့လူတွေကိုပါ အတူအနားယူစေခဲ့တယ်။ ဗခမက သန်းရွှေကတော့ သမတ၊ ကာချုပ်အပြင်၊ လွှတ်တော်ဥက္ကဌ ၂ ယောက်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ တယောက်တို့ကိုပါ အာဏာတွေ ခွဲဝေပေးထားခဲ့တယ်။

• အာဏာလွဲပြောင်းမှုဖြစ်စဉ်ကိုကြည့်ရင် -
- (မဆလ) ကို (နဝတ) ကနေ ကယ်ခဲ့တယ်။
- (နဝတ) ကို (နအဖ) ကနေ ကယ်ခဲ့တယ်။
- (နအဖ) ကို ပြည်ခိုင်ဖြိုး ကနေကယ်ခဲ့တယ်။
- အခု ပြည်ခိုင်ဖြိုးကို ဘယ်သူကယ်မလဲ။

ပြောင်းပေးထားတဲ့ စနစ်အရ အရင်ကလို ကယ်ချင်ပေမဲ့ ကယ်ဘို့ခက်နေပြီ။ ကယ်တင်ရှင်လုပ်ချင်သူတွေက ပေါနေလို့ပါ။ စွမ်းအားရှင်နဲ့ သန္ဓေတည်လာခဲ့တဲ့ ကြံ့ခိုင်ရေးဟာ မဲခိုးတာအပါအဝင် နာမည်ဆုံးနဲ့ဖြစ်နေတယ်။ စနစ်ကလဲ မတူလို့ ယှဉ်ကြရမှာမို့ ကိုယ့်ဒူးကိုယ်ချွန်ကြရတော့မယ်။
- ဒူးချင်းတိုက်နေကြပြီ။ ဦးနေဝင်းခေတ်က စကားလုံးလို ‘ဒူးတိုက်ဆွေးနွေးပွဲ’ မဟုတ်ပါ။ ဒူးချင်းရိုက်နေကြတာပါ။
- လက်ဝါးချင်းရိုက်ကြည့်တာလဲ သိပ်ဟန်ပုံမရပါ။
- ပါတီထဲက အလတ်တန်းအဆင့်တွေက ခေါင်းချင်းရိုက်နေကြပါတယ်။
- ကပ်မြောင်ချင်သူတွေကလဲ ကျောချင်းရိုက်နေကြတယ်။

စိတ်ဝင်စားစရာတွေ မကြာမီလာမည်လို့သာ ဆိုပါရစေ။ သူတို့ ရှုပ်ပွနေချိန်မှာ ကိုယ်တို့က သာလုပ်ကြမလဲ။ သမိုင်းကြောင်းရှင်းသူတွေ၊ ခေါင်းကောင်းကောင်းနဲ့ ‘အဏာရှင်မျိုးဆက်ကို မောင်းထုတ်ဘို့အရေး’ သွေးစည်းညီညွတ်ကြပါစို့။

Dr. Tint Swe
၁၆-၄-၂ဝ၁၄
နံနက် ဝဝ နာရီ ၃၅ မိနစ်