မောင်တောနပ်စပ် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်က လုံခြုံရေးတာဝန်ယူထား

ပို့စ်တင်ချိန် - 5/18/2014 07:25:00 PM


ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် မောင်တော နယ်စပ်တွင် မေ ၁၇ ရက် နံနက်ပိုင်းက ကင်းလှည့်နေသည့် လုံခြုံရေး ရဲဝန်ထမ်းများနှင့် RSO အဖွဲ့တို့ တိုက်ခိုက်မှုတစ်ဖြစ်ပွားခဲ့သဖြင့် နယ်စပ်လုံခြုံရေးကို ဒေသတွင်းရှိ စစ်တပ်က တာဝန်ယူထားရသည်ဟု မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှူးဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူက မေ ၁၈ ရက်တွင်
မဇ္ဈိမကို ပြောသည်။

မောင်တော မြို့နယ် မြောက်ပိုင်းရှိ မိုင်တိုင် ၅၂ အနီး နယ်စပ် ခြံစည်းရိုးတစ်လျှောက် လုံခြုံရေး ကင်းလှည့်နေစဉ်
တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။
“ကင်းလှည့်နေချိန်မှာ အလစ်ဝင်တိုက်ခိုက်တဲ့အတွက် ထိတွေ့မှုဖြစ်ခဲ့ပါတယ်၊ ရဲတပ်သား လေးဦးကျပါတယ်”ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့(RSO) ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝှု လေးဦး ကျဆုံးပြီး
အရာရှိတစ်ဦး ဒဏ်ရာရရှိကာ နှစ်ဦးမှာ လက်နက်နှင့်အတူ ပျောက်ဆုံးနေသည်ဟုဆိုသည်။
လက်ရှိတွင် မောင်တောနယ်စပ်လုံခြုံရေးကို ခမ ၃၅၂ တပ်ရင်းက တာဝန် ယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။

မောင်တောနယ်စပ်ဒေသ လုံခြုံရေးနှင့်ပတ်သက်၍ နယ်စပ်တောင်ပိုင်းရှိ
နယ်စပ် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ခံ ဗိုလ်ကြီးသန့်ဇင်က “နယ်စပ်ဒေသ လုံခြုံရေးယူတဲ့ တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအတွေ့အကြုံပြည့်ဝတဲ့ တပ်ဖွဲ့ဝင်တွေ တပ်မတော်သားတွေပဲ ဖြစ်သင့်တယ်”ဟု
ဝေဖန်ထောက်ပြသည်။

“ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်တွင်းမှာ အဓိကရုဏ်း နှိမ်နှင်းတာ၊ ဒေသတွင်း လုံခြုံရေးရယူတာကို ကျွမ်းကျင်ပေမယ့် စစ်ရေးနဲ့ ပတ်သက်လာရင်တော့ အတွေ့အကြုံ နည်းတာကို တွေ့ရတယ်”ဟု သူကဆက်ပြောသည်။
လက်ရှိတွင် မောင်တော မြို့နယ်လုံခြုံရေးမှာ တည်ငြိမ်လျှက်ရှိသည်ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်မြင့်စိုးက
ပြောသည်။ ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးကို ရဲမှူးချုပ် တင်ကိုကို ဦးဆောင်သည့် ရဲတပ်ဖွဲ့ကတာဝန်ယူထားသည်။

စစ်အစိုးရ လက်ထက်က ရခိုင်ပြည်နယ် နယ်စပ်ဒေလုံခြုံရေးကို စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်မှ စ၍ နယ်စပ်ဒေသ
လူဝင်မှုကွက်ကဲရေး စစ်ဆေးရေးဌာနချုပ် (န.စ.က) က တာဝန်ယူခဲ့သည်။
၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ရက်က နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေညာစာထုတ်ပြန်၍ ဖျက်သိမ်းခဲ့ပြီး ယင်းနေရာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန်ယူထားခဲ့ခြင်းဖြစ်သည်။

ကေဇူး
Mizzima - News in Burmese