မြေသယ်ယာဉ်မှရပ်ထားသည့် တိုယိုတာဟိုင်းလတ်ယာဉ်အား ရှေ့ဘီးဖြင့် ကြိတ်မိ၍ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 5/18/2014 08:37:00 PM


နေပြည်တော်၊ မေ ၁၈
၂၀၁၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကြေးစင်တောင်လုပ်ကွက်အမှတ်(၅၇၅)တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ကြေးစင်တောင် ရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကား(မြောက်)ရွာနေ မျိုးကိုကို(၂၃)နှစ် မောင်းနှင်လာသော တန်(၁၀၀) မြေသယ်ယာဉ်အမှတ်(၇၄)သည် မြေသယ်ရန်မောင်းထွက်စဉ် ရှေ့၌ရပ်ထားသော ၇ခ/xxxx တိုယိုတာဟိုင်းလပ်ယာဉ်အား ယာဘက်ရှေ့ဘီးဖြင့် ကြိတ်မိခဲ့ကြောင်းသိရှိရသည်။ ထိုသို့ကြိတ်မိမှုကြောင့် ဟိုင်းလတ်ယာဉ်အတွင်း ထိုင်နေသည့် ဆားလင်းကြီးမြို့နယ်၊ ကြေးစင်တောင်၊ အလုပ်သမားလိုင်းခန်းနေ မင်းမင်းစိုး(၄၉)နှစ်တွင် မျက်နှာချိုင့်ဝင်၊ နှာခေါင်းသွေးထွက်၊ ရင်ဘတ်ပွန်းပဲ့ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ဆားလင်းကြီးမြို့နယ်၊ တောင်ပလူကျေးရွာနေ မင်းသက်နိုင် (၂၂)နှစ်တွင် ၀ဲပေါင်ပွန်း၊ ၀ဲခြေသလုံးစုတ်ပြဲ၊ ၀ဲခြေမျက်စေ့ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မျိုးကိုကိုအား ဆားလင်းကြီးမြို့မရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းနှင့် ဓာတ်ပုံ - Ton ၁၀၀ မြေသယ်ကားကြီးမှ ကားလေးအားတက်ကြိတ်၊ ကားလေးယာဉ်မောင်းသေဆုံး (သတင်း+ဓာတ်ပုံ)

ရဲဇာနည်