အာဏာအလွဲသုံးစားမှု တိုင်ကြားစာ တစ်ရက်ပျမ်းမျှ ၅ စောင်နှုန်း ရောက်ရှိ

ပို့စ်တင်ချိန် - 5/18/2014 07:22:00 PM


ရန်ကုန်၊ မဇ္ဈိမ။ ။ အာဏာအလွဲသုံးစားမှုနှင့် ပတ်သက်၍ တိုင်ကြားစာ တစ်ရက်ပျမ်းမျှ ၅ စောင်နှုန်း ရောက်ရှိ
သည်ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုင်ကြားစာများသည် အာဏာအလွဲသုံးစာမှုကြောင့် တရားစီရင်ရေးမမျှတခြင်း၊ အုပ်ချုပ်ရေးတွင် မမှန်မကန်
ဆောင်ရွက်ခြင်းများကို လာရောက်တိုင်ကြားမှုများဖြစ်ပြီး လွှတ်တော်တိုင်ကြားစာ ကော်မတီမှတစ်ဆင့် သက်ဆိုင်ရာ
ဌာနများသို့ ပေးပို့သွားမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ မေ ၁၁ အထိ သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနအသီးသီးသို့
ပို့ထားသည့် တိုင်ကြားစာ ၁၇၃ စောင်ရှိကာ ကာယကံရှင်များသို့ ဥပေဒကိစ္စဆောင်ရွက်ရန် အကြောင်းပြန်ကြားစာ ၅၀
ကျော်ရှိသည်။

ဦးသိန်းညွန့်က “ရုံးအဖွဲ့ သုံးယောက်လောက်ပဲရှိတော့ မနိုင်မနင်းလောက်ကို ဖြစ်နေတယ်။ လူထုရဲ့ တိုင်ကြားစာကို
နားလည်တယ်။ သဘောပေါက်တယ်။ အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်တဲ့ နေရာမှာ အားနည်းတယ်”ဟုပြောသည်။

ယင်းတိုင်ကြားစာများသည် မြန်မာတစ်နိုင်ငံလုံးမှ လာရောက်ကြပြီး မန္တလေး၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့မှ လာရောက်တိုင်ကြားမှု အများဆုံးဖြစ်သည်ဟု ဆိုသည်။

၂၀၁၃ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီပါတီသစ်တွင် လာရောက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ ၀န်ကြီးဌာနအသီးသီးသို့ ပို့ခဲ့သည့် တိုင်ကြားစာ ၂၇၈ စောင်ရှိပြီး အကြောင်းပြန်ကြားစာ ၅၀ ခန့် ရှိခဲ့သည်။

နန်းမြင့်
Mizzima Burmese