ရမ်ဆေး၏ အချိန်ပို သွင်းဂိုးဖြင့် ၈ နှစ်ကြာ ဖလားမရခြင်းကို အဆုံးသတ်နိုင်ခဲ့သည့် အာဆင်နယ်

ပို့စ်တင်ချိန် - 5/18/2014 11:12:00 AM


အာဆင်နယ်သည် ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား ဗိုလ်လုပွဲ၌ ဟူးလ်စီးတီးကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဆယ်စုနှစ် တစ်ခုနီးပါး ဖလားလက်မဲ့ ဖြစ်ခဲ့ခြင်းကို အဆုံးသတ်နိုင်ခဲ့သည်။

အာစင်ဝင်းဂါးသည် ၂၀၀၅ ခုနှစ်က အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် မန်ချက်စတာယူနိုက်တက်ကို ပင်နယ်တီနှင့် အနိုင်ယူခဲ့ပြီးနောက်ပိုင်း ၈ နှစ်ကြာ ဖလားလက်မဲ့ ရာသီကို ဖြတ်သန်းခဲ့ရပြီး အသင်းမှာလည်း ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

အာဆင်နယ်သည် ချန်ပီယံလိဂ် ပြိုင်ပွဲကို ဆက်တိုက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော်လည်း အသင်း ပရိသတ်အချို့က ရာသီကုန်တွင် ဝင်းဂါးကို ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ သို့သော်လည်း ဝင်ဘလေကွင်းတွင် အက်ဖ်အေဖလားကို ကိုင်မြှောက်ခွင့် ရရှိခဲ့ပြီးနောက် အာစင်ဝင်းဂါး၏ ဖိအားများမှာ လျော့ပါးသက်သာသွားပြီ ဖြစ်သည်။

၁၃၃ ကြိမ်မြောက် အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် ပွဲအစ ၄ မိနစ်၌ ဟူးလ်စီးတီး နောက်ခံလူ ဂျိမ်းချက်စတာက တွမ်ဟက်ဒယ်စတုန်း၏ မြေမကျ ကန်သွင်းချက်မှ တစ်ဆင့် အဖွင့်ဂိုး ရယူခဲ့သည်။ နောက် ၅ မိနစ် အကြာတွင် ဟူးလ်စီးတီး နောက်ခံလူ ကာတစ်ဒါးဗီးစ်က ၆ ကိုက်စည်းအတွင်း အလျင်အမြန် ကန်သွင်းကာ အသင်းအတွက် ဒုတိယဂိုး ရယူခဲ့သည်။

ပွဲချိန် ၁၇ မိနစ်တွင် အာဆင်နယ် ကစားသမား ဆန်တီကာဇိုလာက အလွတ်တည်ကန်ဘောမှ တစ်ဆင့် ချေပဂိုး တစ်ဂိုး ရယူခဲ့သည်။ ဒုတိယပိုင်းတွင် ဟူးလ်စီးတီးက အာဆင်နယ်၏ တိုက်စစ်ဆင်မှုများကို တောင့်ခံခဲ့သော်လည်း ၎င်းတို့၏ ပထမဦးဆုံး အကြိမ် အက်ဖ်အေဖလား ကိုင်မြှောက်ခွင့် မျှော်လင့်ချက်မှာ ပွဲပြီးရန် မိနစ် ၂၀ အလိုတွင် ကိုစီရယ်နီ သွင်းယူခဲ့သည့် ချေပဂိုးကြောင့် ပျက်ပြယ်ခဲ့ရသည်။

အာဆင်နယ်သည် ပုံမှန် ပွဲကစားချိန်တွင် အနိုင်ဂိုး ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မိနစ် ၉၀ ပြည့်ပြီး အချိန်ပို ဒုတိယပိုင်းတွင် အာရွန်ရမ်ဆေး၏ သွင်းဂိုးဖြင့် ဟူးလ်စီးတီးကို အနိုင်ယူကာ ၈ နှစ်ကြာ ဖလားမရရှိခြင်းကို အက်ဖ်အေဖလား ကိုင်မြှောက်ခြင်းဖြင့် အဆုံးသတ်နိုင်ခဲ့သည်။

soccer myanmar