အချိန်အကြာဆုံး ပျားစွဲခံနိုင်သည့် ကမ္ဘာ့စံချိန်သစ်ကို တရုတ်အမျိုးသား ရရှိ

ပို့စ်တင်ချိန် - 5/18/2014 08:29:00 PM


တရုတ်နိုင်ငံမှ အမျိုးသား တစ်ဦးသည် ခန္ဓာကိုယ်ပေါ်တွင် ပျားများစွဲကပ်လျှက် အချိန်အကြာဆုံး နေထိုင်နိုင်သူအဖြစ် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ ဖန်ရှင်းဒေသမှ ယွမ်လင်မင်းသည်
တစ်ကိုယ်လုံး ပျားများစွဲကပ်ဖုံးလွှမ်းလျှက် အခြေအနေဖြင့် (၅၃)မိနစ် (၃၄)စက္ကန့်ကြာအောင် တောင့်ခံနိုင်ခဲ့သည်။ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်ရှင် အဖွဲ့ကလည်း ယွမ်၏ လုပ်ဆောင်မှုသည် ကမ္ဘာ့စံချိန်သစ် ဖြစ်လာကြောင်း အတည်ပြုခဲ့သည်။ ယွမ်သည် ရှီဂျင်ပင်းရှိ ယီချန်းမြို့တွင် လက်တွေ့ အစွမ်းပြခဲ့ခြင်း ဖြစ်သည်။ ပျားများ ခန္ဓာကိုယ်ပေါ် စွဲကပ်သည့် အချိန်အကြာဆုံး စံချိန်ရှင်အဖြစ် ယွမ်က ရပ်တည်ခဲ့သလို အခြားစံချိန်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။



ယွမ်သည် ပျားကောင်ရေ အလေးချိန်အများဆုံး ခန္ဓာကိုယ်ပေါ် စွဲမြဲထမ်းပိုးနိုင်သည့် စံချိန်ကိုလည်း ရရှိထားသည်။ ၎င်းသည် မကြာသေးမီက ရရှိခဲ့သည့် ဂင်းနစ်စံချိန်အရ ပျားကောင်ရေ အမြောက်အမြားဖြင့် အလေးချိန် (၁၃၆)ပေါင်စာ စွဲမြဲနေအောင် စွမ်းဆောင်ပြခဲ့သည်။ ပျားများကို လူတစ်ဦး၏ ခန္ဓာကိုယ်ပေါ် စွဲမြဲနားခိုနေစေရန်အတွက် ထောင်ချောက်ဆင် ဆွဲဆောင်ရပြီး ပျားဘုရင်မ တစ်ကောင်ကို ခန္ဓာကိုယ်ပေါ်တွင် ထားရှိရသည်။ ထိုအခါ လုပ်သားပျားများက ပျားဘုရင်မ ရှိရာသို့ လျင်လျင်မြန်မြန် စုရုံးရောက်ရှိလာပြီး လူ၏ခန္ဓာကိုယ်ပေါ် စွဲမြဲနေခြင်း ဖြစ်သည်။

ယွမ်သည် ခန္ဓာကိုယ်ပေါ်တွင် ခန့်မှန်းခြေ ပျားကောင်ရေ တစ်သိန်းမျှကို စွဲကပ်နေစေခဲ့သည်။ ကိုယ်တိုင်က ပျားမွေးမြူရေး လုပ်သားတစ်ဦးဖြစ်သည့် ယွမ်က “ပျားတွေကို ကျွန်တော် သဘောကျတယ်။ သူတို့ကလည်း ကျွန်တော့်ကို ချစ်ကြတယ်လို့ ထင်ပါတယ်။ လူတွေက သူတို့ကို ပျားလို့ ခေါ်ကြပေမယ့် ကျွန်တော်ကတော့ ပျံနိုင်တဲ့ သူငယ်ချင်းလေးတွေလို့ ခေါ်ပါတယ်။ ပျားတွေကို ကျွန်တော်ချစ်ပါတယ်။ သူတို့ဟာ ကျွန်တော့်ဘဝပါပဲ”ဟု ပြောကြားသွားသည်။

Planet Myanmar Network