ဖက်ဒရယ်မူနှင့် ပတ်သက်၍ တိုင်းရင်းသားအားလုံး လွတ်လပ်စွာ ဆွေးနွေးနိုင်ဖို့ လွှတ်တော်ပြင်ပတွင် ညီလာခံတစ်ခု ပြုလုပ်ခွင့်ပေးရန် တောင်းဆို

ပို့စ်တင်ချိန် - 10/01/2013 01:05:00 PM




မွန်အမျိုးသား ကွန်ဖရင့်တွင် တက်ရောက်လာသော တိုင်းရင်းသား ပါတီများနှင့် ပညာရှင်တို့က တိုင်းရင်းသား လူမျိုးစုအားလုံး ဖက်ဒရယ်မူနှင့် ပတ်သက်၍ လွှတ်တော်ပြင်ပတွင် လွတ်လပ်စွာ တိုင်ပင်ဆွေးနွေးနိုင်သော ညီလာခံတစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၈ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် မွန်အမျိုးသား ကွန်ဖရင့်သို့ ပြည်ထောင်စု ၀န်ကြီးများ တက်ရောက် ဆွေးနွေးရာတွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားပါတီ အချို့မှာ NLD ၏ ဖက်ဒရယ်မူ ပြင်ဆင်ရေးဆိုင်ရာ နည်းလမ်းများသည် လွှတ်တော်တွင်း တင်ပြမည် ဖြစ်ခြင်းကြောင့် ၎င်းတို့အနေဖြင့် လွတ်လပ်စွာ ဆွေးနွေးခွင့် မရှိမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ ထို့အတွက် လွှတ်တော်ပြင်ပတွင် ဆွေးနွေးနိုင်ရန် ၀ိုင်းဝန်းတောင်းဆို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မွန်ဒီမိုကရက်တစ် ပါတီမှ ဦးနိုင်ငွေသိမ်းက ''ကျွန်တော်တို့ မွန်အမျိုးသား ကွန်ဖရင့်မှာ တက်ရောက်လာတဲ့ ပါတီတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံးက ဖက်ဒရယ်မူကို တွေ့ဆုံညှိနှိုင်းနိုင်အောင် လိုလိုချင်ချင် တောင်းဆိုခဲ့ပါတယ်။ အထူးသဖြင့် ဒီနှစ်အတွင်းမှာပဲ ဗမာအပြင် အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ဖက်ဒရယ် ဆွေးနွေးမှုဆိုင်ရာ ညီလာခံတစ်ခု ကျင်းပလိုကြောင်း ပြောပြခဲ့ပါတယ်'' ဟုပြောကြားသည်။

မွန်အမျိုးသား ကွန်ဖရင့်အား စက်တင်ဘာ ၂၈ ၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း၊ မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့် မွန်တိုင်းရင်းသား ပါတီများနှင့် အခြားတိုင်းရင်းသား ပါတီတို့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မည့် နည်းလမ်းများ၊ လွှတ်တော်ပြင်ပတွင် ဖက်ဒရယ်မူဆိုင်ရာ ညီလာခံတစ်ခု ပြုလုပ်ရေးနှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် မွန်အမျိုးသား ကွန်ဖရင့်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
Eleven Media Group