လျှပ်စစ်ဓာတ်အား သုံးစွဲခ တိုးမြှင့်မည်ဟု ကြေညာပြီးနောက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရန် လွှတ်တော်သို့ တင်ပြ

ပို့စ်တင်ချိန် - 11/01/2013 11:04:00 AM


ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးမည်ဖြစ်ရာ ယင်းချေးငွေအောက်တွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူလိုကြောင်း နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ အောက်တိုဘာ ၃၀ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းသ၀ဏ်လွှာတွင် ကိုရီးယားနိုင်ငံက ချေးငှားမည့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အနက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈၇၄ သန်း၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၈၇၄ သန်းနှင့် ညီမျှသော ကိုရီးယား ၀မ်ငွေအား ချေးယူလိုကြောင်း ပါရှိသည်။

ချေးယူမည့်ငွေများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန် ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ အခြေခံ အဆောက်အအုံ ကွန်ရက် တိုးချဲ့တည်ဆောက်ရေး စီမံ ကိန်းအတွက် ဖြစ်ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် ၅၀၀ ကေဗွီ တောင်ငူ-ကမာနတ် ဓာတ်အားလိုင်း တည်ဆောက်ရေး စီမံကိန်းအတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

ချေးငွေရယူမည့် သဘောတူညီချက်မှာ ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်ဖြင့် စုစုပေါင်း နှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပြီး ကျသင့်အတိုးကို ခြောက်လတစ်ကြိမ် ပေးသွင်းရန်နှင့် ဆိုင်းငံ့ကာလ ကုန်ဆုံးပါက ချေးငွေအား တစ်နှစ်လျှင် နှစ်ကြိမ်ခွဲကာ ပေးဆပ်ရန်နှင့် ဆောင်ရွက်ခအဖြစ် ချေးငွေပမာဏ၏ ၀ ဒသမ ၀၁ ရာခိုင်နှုန်းအား ပေးဆောင်ရန် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် ယခုချေးယူခြင်းမှာ ထုတ်လုပ်မှု အရှုံးကျေရန်အတွက် လျှပ်စစ် ဓာတ်အားခများကို တိုးမြှင့်ကောက်ခံရန် ကြေညာပြီးနောက် ချေးယူလိုကြောင်း လွှတ်တော်သို့ တင်ပြခြင်းဖြစ်သည်။
ထို့အတူ အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူလိုကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အောက်တိုဘာ ၃၀ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ တင်ပြ ပြောကြားသည်။

အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ အသုံးပြုမှုအတွက် မူလ ဈေးနှုန်းအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့် အထက် ကျပ် ၅၀၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိအတွက် ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ကျပ် ၁၅၀၊ အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ကျပ် ၅၀ နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီး ပြောင်းလဲ ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အောက်တိုဘာ ၂၉ ရက်က အစိုးရပိုင် သတင်းစာများမှ တစ်ဆင့် ကြေညာခဲ့သည်။

ထိုသို့ နိုဝင်ဘာ ၁ ရက်မှစ၍ လျှပ်စစ်ဓာတ်အား သုံးစွဲခများကို တိုးမြှင့်မည်ဟု ကြေညာခဲ့စဉ်က လွှတ်တော်သို့ အသိပေး အတည်ပြုချက် ရယူခဲ့ခြင်းမရှိပေ။

ထို့အတူ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေသော်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ်ဓာတ်အားခများကို ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း အောက်တိုဘာ ၃၀ ရက်က သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

(အောက်တိုဘာ ၃၁ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး)
Eleven Media Group