ပြည်ပအခြေစိုက်ခဲ့သော မဇ္စျိမကို ဦးဆန်နီဆွေ ဝယ်ယူကာ ဦးဆောင်မည်

ပို့စ်တင်ချိန် - 11/01/2013 06:30:00 PM

(UPDATED): CORRECTED

ပြည်ပအခြေစိုက်ဖြစ်ခဲ့သော မဇ္ဈိမသတင်းဌာနကို စစ်ထောက်လှမ်းအရာရှိဟောင်း ဗိုလ်ချုပ်သိန်းဆွေ၏သား ဦးဆန်နီဆွေက CEO အဖြစ် ဦးဆောင်ကာ Mizzima Media Group အဖြစ် ပြောင်းလဲထူထောင်လိုက်ကြောင်း နိုဝင်ဘာ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာတိုင်းမ် ဂျာနယ်ကို ရော့စ်ဒန်ကလေနှင့် အကျိုးတူပူးပေါင်း ထူထောင်ခဲ့သူတစ်ဦးဖြစ်ခဲ့သည့် ဦးဆန်နီဆွေသည် စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ၊ မဇ္စျိမသတင်းဌာန ထူထောင်သူ ဦးစိုးမြင့်တို့နှင့် ၃ဦး အကျိုးတူ ပူးပေါင်းလိုက်ခြင်းဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ၁၉၉၉၌ ပြည်ပအခြေစိုက် သတင်းဌာနအဖြစ် စတင်ထူထောင်ခဲ့သည့် ဦးစိုးမြင့်သည် မြန်မာနိုင်ငံသို့ ပြန်လည်အခြေချခဲ့ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲထူထောင်လိုက်သည့် ကုမ္ပဏီအသစ်၌ အယ်ဒီတာချုပ်ရာထူး ယူသွားမည်ဟု ဆိုသည်။

ဦးဆန်နီဆွေ၏ အစုရှယ်ယာများကို အစားထိုးဝယ်ယူခဲ့သည့် ဒေါက်တာတင်ထွန်းဦးနှင့် ဇနီးတို့သည် မြန်မာတိုင်းမ် ဂျာနယ်ထုတ်ဝေနေသော ကုမ္ပဏီကို ဖျက်သိမ်းရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီး ရော့စ် ဒန်ကလေနှင့် တရားမမှုများ ရင်ဆိုင်နေရသည်။

မြန်မာတိုင်းမ်တွင် လုပ်ကိုင်နေသော သတင်းထောက်များ၊ အယ်ဒီတာများသည် ဦးဆန်နီဆွေ ဦးထောင်ထူထောင်လိုက်သော မဇ္စျိမမီဒီယာဂရုပ်သို့ ပြောင်းရွှေ့လုပ်ကိုင်တော့မည်ဆိုသည့် သတင်းများ ပေါ်ထွက်နေသည်။ ပြည်ပရောက် သတင်းဌာနဖြစ်ခဲ့သည့် မဇ္စျိမသည် နေ့စဉ်သတင်းစာကို စတင်ထုတ်ဝေနေပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် ပူးပေါင်းလိုက်သော ပထမဆုံး မီဒီယာကုမ္ပဏီတစ်ခုလည်းဖြစ်သည်။
Kamayut Media