အမေရိကန်ဒေါ်လာ ၁၄ သန်းမြှုပ်နှံကာ မြန်မာ-ကိုရီးယား ဖက်စပ်ဆေးရောင်စုံ အမိုးပြားစက်ရုံမှ ထုတ်ကုန်များကို ၂၀၁၄ ခုနှစ်အတွင်း ဈေးကွက်စတင် ဖြန့်ဖြူးမည်

ပို့စ်တင်ချိန် - 12/09/2013 03:54:00 PM


Myanmar Posco Steel ကုမ္ပဏီမှ လက်ရှိဈေးကွက်အတွင်း ရောင်းချနေသည့် သွပ်ပြားထုတ်လုပ် နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)
မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် စက်မှုဇုန်အတွင်း၌ မြန်မာနှင့် ကိုရီးယား ကုမ္ပဏီတို့မှ အမေရိကန်ဒေါ်လာ ၁၄ သန်း မြှုပ်နှံကာ ဖက်စပ်လုပ်ကိုင်နေသည့် ဆေးရောင်စုံ အမိုးပြားစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ အပြီးသတ်ပါက ထုတ်ကုန်များကို ၂၀၁၄ ခုနှစ်အတွင်း စတင်ဖြန့်ဖြူးမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ယင်းကဲ့သို့ စက်ရုံတည်ဆောက်၍ ထုတ်ကုန်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၃ ခုနှစ်၊ သြဂုတ်လ အတွင်း၌ ချထားပေးခဲ့ခြင်းဖြစ်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ရှယ်ယာ ရာခိုင်နှုန်း ၇၀ နှင့် ကိုရီးယားနိုင်ငံ၊ Posco Coated & Color Steel ကုမ္ပဏီမှ ရှယ်ယာရာခိုင်နှုန်း ၃၀ ပိုင်ဆိုင်ကြောင်း သိရသည်။

ထုတ်ကုန်များအား ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချမည်ဖြစ်ပြီး နောက်ပိုင်းတွင် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံ ဈေးကွက်သို့ တင်ပို့မည်ဖြစ်ရာ ပြည်ပသို့ တင်ပို့ရာတွင် စုစုပေါင်း ထုတ်လုပ်မှု၏ ရာခိုင်နှုန်း ၄၀ နီးပါး တင်ပို့ရန် လျာထားကြောင်း Posco C&C ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Choi, Sung-Hwan က ပြောပြသည်။

ယခုအခါ ပစ္စည်းထုတ်လုပ်ရန်အတွက် စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး စမ်းသပ်ထုတ်လုပ်ခြင်းကာလ အပါအ၀င် ၁၃ လအတွင်း အပြီးသတ်မည်ဟု လုပ်ငန်းအကြောင်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလကုန်တွင် ပစ္စည်းဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများကို ပြုလုပ်သွားမည်ဟု သိရသည်။


eleven media group