ဥပဒေကြမ်းများ ကြန့်ကြာခြင်းသည် သမ္မတတွင် ဗီတိုအာဏာမရှိ၍ လွှတ်တော်နှင့် ညှိနှိုင်း မရခြင်းကြောင့်ဟု သမ္မတပြောခွင့်ရသူ တုံ့ပြန်

ပို့စ်တင်ချိန် - 12/09/2013 12:21:00 PM



ရန်ကုန်၊ ဒီဇင်ဘာ ၈

ဥပဒေကြမ်းများကို သမ္မတ၏ သဘောထား မှတ်ချက်ဖြင့် ပြန်ပေးပို့၍ ဥပဒေပြုရေး ကြန့်ကြာရခြင်းသည် အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကို ဗီတိုအာဏာ သုံးစွဲခွင့်ပြုထားခြင်း မရှိသောကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု လွှတ်တော်အကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ကာ ညှိနှိုင်း မရခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ ဥက္ကဋ္ဌ၏ ဝေဖန်ချက်ကို တုံ့ပြန် ပြောကြားသည်။

ဥပဒေကြမ်းများကို နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကြောင့် ဥပဒေပြုရေးတွင် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဝေဖန်ပြောဆိုထားခြင်းကို ၎င်းက ယင်းသို့ ပြန်လည် ပြောဆိုခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က ပေးပို့လာသော ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက ဗီတိုအာဏာဖြင့် ပယ်ချနိုင်ခြင်း မရှိဘဲ လွှတ်တော်ကို သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့ကာ ထပ်မံအတည် ပြုရန် တင်ပြနေရသောကြောင့် ညှိနှိုင်းရန် ပိုမိုခက်ခဲလာကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံမှာ ဗီတိုအာဏာဆိုတာ မပါဘူး။ သမ္မတ ဦးဆောင်တဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဒီအချက်တစ်ချက် မရှိတဲ့ အတွက်ကြောင့်မို့ ဒီလိုတွေ ပြောနေရတာပေါ့ ခင်ဗျ” ဟု ၎င်းကဆိုသည်။

ဥပဒေကြမ်းများကို နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးခြင်းမရှိဘဲ အတည် ဖြစ်သွားသော ဥပဒေများ ရှိနေခြင်းကြောင့် သမ္မတနှင့် လွှတ်တော်အကြား အပြန်အလှန် ထိန်းကျောင်းမှု အားနည်းနေလျက် ရှိကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

ဥပဒေပြုရေး ကိစ္စရပ်များတွင် နိုင်ငံတော်သမ္မတက ဗီတိုအာဏာကို ရယူလိုပါက အခြေခံဥပဒေ ပြင်ဆင်ရာ၌ ထည့်သွင်း ပြင်ဆင်ပေးရန် တင်ပြသင့်ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒပေါ် မူတည်၍ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
“လျှောက်ပြောနေလို့ မရဘူး။ တစ်ထောင့်တစ်ည ပုံပြင်လို ဖြစ်သွားမယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေ ရှိနေတာပဲ၊ သမ္မတဘက်က လိုချင်ရင် လွှတ်တော်ကို ပြင်ဖို့တင်ပေါ့” ဟု ၎င်းကဆိုသည်။

နိုင်ငံတကာရှိ ဒီမိုကရေစီနိုင်ငံ အချို့တွင် သမ္မတမှာ ဗီတိုအာဏာ သုံးနိုင်သည့် အခြေခံဥပဒေ ရှိသော်လည်း မြန်မာနိုင်ငံတွင် ရှိရမည်ဟု ပုံတူကူးယူ၍ မရကြောင်း ၎င်းကထပ်လောင်းပြောသည်။

ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတော်သမ္မတအကြား အခြေခံဥပဒေအရ အပြန်အလှန် ထိန်းကျောင်းကာ ဥပဒေပြုရေးအတွက် လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ သဘောထား ကွဲလွဲသည့် ဖြစ်ရပ်များကို မလိုလားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတက ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အဂတိ လိုက်စားမှု ဥပဒေများကို လက်မှတ် ရေးထိုးခြင်းမရှိဘဲ သဘောထား မှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့လာပြီး ယင်းသဘောထား မှတ်ချက်ပါ ဥပဒေ နှစ်ရပ်ကို လွှတ်တော်က ပြန်လည် အတည်ပြုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရာ သမ္မတဦးသိန်းစိန်က သဘောတူခြင်း မရှိကြောင်း သတင်းထုတ်ပြန်ခဲ့ သောကြောင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ၏ လုပ်ရပ်သည် ဥပဒေကျင့်ဝတ် ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဝေဖန်ခဲ့ဖူးသည်။

အောက်တိုဘာလ အတွင်းက ကျင်းပခဲ့သော အဋ္ဌမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သည့် လွှတ်တော် ကိုယ်စားများ ကိုယ်တိုင် ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်ခွင့်ရမည့် အချက်ပါ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးခြင်း မရှိဘဲ သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့ လာခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံတော်သမ္မတ အကြား သဘောကွဲလွဲမှုများ ဖြစ်ပွားနေသည်။


The Voice Weekly Myanmar