ဆီးဂိမ်းအကြမ်းဖက်မည့် သတိပေးကြေညာချက် ရဲချုပ်ရုံးမသိ၊ ပြန်ကြားရေးဒုဝန်ကြီးက မဖြစ်နိုင်ဟုဆို

ပို့စ်တင်ချိန် - 12/09/2013 06:30:00 AM


နေပြည်တော်- ဆီးဂိမ်းပြိုင်ပွဲကာလတွင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ကိုင်ရန် အကြမ်းဖက်သမားသုံးဦး ရန်ကုန်မြို့သို့ထွက်ခွာသွားပြီး ၎င်းတို့၏ကိုယ်ရေးအချက်အလက်အကျဉ်းကို ဗီနိုင်းဖြင့် နေပြည်တော်မြို့မဈေးတာဝန်ခံက ကြေညာထားသည်။

အဆိုပါကြေညာချက်တွင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ရန် ရန်ကုန်တွင်ရောက်ရှိနေသော အစ္စလာမ်ဘာသာရေး အစွန်းရောက်မွတ်ဆလင်အဖွဲ့များနှင့် ဆက်သွယ်လုပ်ဆောင်ရန် ကေအိုင်အေကချင်အဖွဲ့မှ အကြမ်းဖက်သမားသုံးဦး ရန်ကုန်သို့ အောက်တိုဘာ ၁၈ ရက်တွင် ထွက်ခွာသွားပြီဟု ကြေညာထားပြီး ထိုကြေညာချက်နှင့်ပတ်သက်၍ နေပြည်တော်ရဲချုပ်ရုံးကမသိဟု တာဝန်ရှိသူများကပြောသည်။

ကြေညာချက်တွင် ကေအိုင်အေအဖွဲ့မှ အကြမ်းဖက်သမားသုံးဦးဖြစ်သော အသက် ၂၈နှစ်အရွယ် ဗိုလ်ကြီးအဆင့်ရှိ ကရင်လူမျိုး ရန်အောင်၊ အသက် ၂၄နှစ်အရွယ် ဒုအရာခံဗိုလ် ကရင်လူမျိုး မျိုးနိုင်နှင့် တပ်ကြပ်အဆင့်ရှိ ကချင်လူမျိုး ရဲဝင်းဟု ဖော်ပြထားသည့်အတွက် ကေအိုင်အေမှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးကိုမေးမြန်းရာ ၎င်းတို့အနေဖြင့် ထိုသို့အကြမ်းဖက်လိုလျှင် တရားဝင်ကြေညာပြီးမှ လုပ်မည်ဖြစ်ပြီး ဆီးဂိမ်းကိုအနှောင့်အယှက်မပေးဘဲ ကူညီရန်သာရှိသည်ဟုပြောသည်။

“လုပ်ချင်ရင် တရားဝင်ကြေညာပြီးမှလုပ်မယ်။ အစ္စလာမ်နဲ့ ပူးပေါင်းစရာမလိုဘူး။ နမ့်လင်းပါကိစ္စပြီးကတည်းက စစ်တပ်ကစနစ်တကျလုပ်နေတာပါ။ ဆီးဂိမ်းလို နိုင်ငံတော်အနေနဲ့ကျင်းပတဲ့ပွဲမှာ အနှောင့်အယှက်ပေးမှာမဟုတ်ဘူး။ ဒီပေါ်မှာ နိုင်ငံရေးအမြတ်ထုတ်မှာလည်း မဟုတ်ဘူး။ ဆီးဂိမ်းလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်တဲ့ပွဲမှာ နိုင်ငံ့ဂုဏ်သိက္ခာကို ၀ိုင်းဝန်းတည်ဆောက်ပေးမယ်ဆိုတာ အရင်ကတည်းကပြောပြီးသား”ဟု ဦးဒေါင်ခါးက ဒီဇင်ဘာ ၇ ရက် ညဦးပိုင်းတွင် ပြောကြားသည်။

ထို့အပြင် နေပြည်တော်ရဲချုပ်ရုံးမှ ဒုတိယရဲမှူးချုပ်တစ်ဦးကလည်း လုံခြုံရေးအတွက် သတင်းများနေ့စဉ်ဖလှယ်နေပြီး အဆိုပါသတင်းကို မိမိတို့မသိရှိဘဲ ဒီဇင်ဘာ ၇ ရက် ညနေပြုလုပ်သော အစည်းအဝေးတွင်လည်း အစီရင်ခံခြင်းမရှိဟုပြောသည်။ ၎င်းကိုယ်တိုင် ဒီဇင်ဘာ ၇ ရက် ညနေတွင် မြို့မဈေးမှပြန်လာခဲ့ပြီး အဆိုပါကြေညာချက်ကို မတွေ့ခဲ့သည်ဟုဆိုသည်။

“ရဲချုပ်ကြီးနဲ့လည်း နေ့တိုင်းသတင်းဖလှယ်ရေးအစည်းအဝေးတွေလုပ်နေတာ။ ဒီသတင်းမျိုး အစီရင်ခံတာမကြားမိဘူး”ဟု အထက်ပါဒုရဲချုပ်ကဆိုသည်။

သို့သော် ဗီနိုင်းများကို နေပြည်တော်မြို့မဈေးဝန်းနှင့် ဘောဂသီရိအဝေးပြေးကားများတွင် ဒီဇင်ဘာ ၆ ရက်က စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက အဲဒီသတင်းကတက်လာတာ။ မှန်လည်းမှန်တယ်။ မှန်လို့လည်း ဗီနိုင်းတွေထုတ်ပြီးတော့ အသိပေးထားတာဖြစ်မယ်။ တော်ဝင်ကားဂိတ်နားမှာလည်းရှိတယ်”ဟု နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌ ဦးဝင်းဆွေက ဒီဇင်ဘာ ၇ ရက် ညဦးပိုင်းတွင် ပြောကြားသည်။

နေပြည်တော်ဆီးဂိမ်းလုံခြုံရေးဆောင်ရွက်နေသော ရဲအရာရှိကြီးတစ်ဦးကလည်း “အခုအချိန်မှာ အရမ်းအရေးကြီးနေပါတယ်။ သတင်းရရင်တော့ ကိုယ့်ဘက်က လက်ဦးမှုရအောင် ကျိတ်ဖမ်းလိုက်မှာပါ။ ရဲတပ်ဖွဲ့ဝင်တွေကိုတော့ ၂၄ နာရီလုံး တပ်လှန့်ထားပါတယ်။ ဆီးဂိမ်းကို အဖျက်အမှောင့်လုပ်မယ့်သူတွေ နေပြည်တော်ကို ရောက်နေတယ်ဆိုတာမဟုတ်ပါဘူး။ မြို့မဈေးမှာသွားပြီး ကြေညာချက်ထုတ်ထားစရာလည်းမလိုပါဘူး။ ရဲချုပ်ရုံးကိုလည်း အဲဒီသတင်းမရောက်ပါဘူး”ဟု ဆိုပြန်သည်။

အလားတူ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်ကလည်း အထက်ပါအကြမ်းဖက်မှု အသိပေးချက်ကို မကြားမိသေးသလို၊ ယင်းသတင်းမှာ မဖြစ်နိုင်ဟု ၎င်းအနေဖြင့်ထင်မြင်ကြောင်း ဆီးဂိမ်းပြိုင်ပွဲကျင်းပမှုများမှာ အေးအေးချမ်းချမ်းရှိနေကြောင်း ဒီဇင်ဘာ ၇ ရက် ညက ပြောကြားသည်။

မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)သို့ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါသတင်းအချက်အလက်ကို မရရှိသေးကြောင်း MPC ၏ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောကြားသည်။

“ကျွန်တော်တို့ မသိသေးဘူး။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးအတွက် ပြင်ဆင်ပေးတဲ့ အလုပ်အဖွဲ့အနေနဲ့ပဲ အလုပ်လုပ်တာပါ။ လုံခြုံရေးကိစ္စတို့ဘာတို့တော့ မသိနိုင်ဘူး”ဟု ဦးလှမောင်ရွှေကပြောသည်။

အထက်ပါကြေညာချက်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာခဏပြုလုပ်နေပြီး အပစ်အခတ်ရပ်စဲရေးကြိုးပမ်းနေချိန်တွင် ကေအိုင်အေအဖွဲ့အမည်ကို အတိအလင်းတပ်ထားကာ (KIA) ကချင်အဖွဲ့မှ အကြမ်းဖက်သမားသုံးဦးဟု သုံးနှုန်းထားသည်ကိုတွေ့ရပြီး ထိုသုံးဦးတွင် ကရင်တိုင်းရင်းသားနှစ်ဦး ပါဝင်သည်ကိုတွေ့ရသည်။ ထိုသုံးဦးကိုတွေ့လျှင် အကြောင်းကြားပေးရန်လည်း ဖော်ပြထားပြီး၊ ကြေညာချက်ကို ဈေးများဌာနကကပ်ခိုင်းသည်ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

အထူးရဲတပ်ဖွဲ့ ရဲမှူးကြီးအောင်ထွန်းလွင်ကလည်း ဆီးဂိမ်းတွင် ဆန့်ကျင်ဖက်အဖွဲ့အစည်းအချို့၊ ဖျက်လိုဖျက်ဆီးလုပ်မည်ဟု သတင်းမျိုးစုံရထားသော်လည်း ရဲတပ်ဖွဲ့က မည်သည့်အဖွဲ့ကဟု အတိအကျထုတ်ပြန်ထားသည်မျိုးမရှိဟုလည်း ပြောသည်။
7 Day News Journal