သစ်ထုတ်လုပ်ရေးနှင့်ဆိုင်သော မူဝါဒများ သတ်မှတ်ထုတ်ပြန်ပေးခြင်း မရှိသေးသည့်အတွက် သစ်လုပ်ငန်းရှင်များ ဈေကွက်အခြေအနေအား သုံးသပ်ရန် ခက်ခဲနေ

ပို့စ်တင်ချိန် - 12/09/2013 07:00:00 AM

(ပြည်ပတင်ပို့မည့် သစ်လုံးများအား သီလ၀ါဆိပ်ကမ်းတွင် တွေ့ရစဉ်)

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန မြန်မာသစ်လုပ်ငန်းဘက်က ယခုလက်ရှိအချိန်ထိ သစ်ထုတ်လုပ်ရေးနှင့် သက်ဆိုင်သော မူဝါဒများ ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက်ကြောင့် သစ်လုပ်ငန်းရှင်များဘက်မှ ဈေးကွက်အခြေအနေကို ခန့်မှန်းရခက်နေကြောင်း သိရသည်။

"မူဝါဒတွေ မထွက်သေးတဲ့အတွက် သစ်ကို ဘယ်လိုထုတ်မယ်၊ ဘယ်လိုခုတ်မယ်ဆိုတဲ့ ဟာတွေကို အခုချိန်ထိ သစ်လုပ်ငန်းရှင်တွေက မသိရသေးဘူး။ အဲလိုမူဝါဒတွေ မသိရသေးလို့ ဈေးကွက်ကို သုံးသပ်ဖို့ ခက်နေသေးတယ်။ တစ်နှစ်ကို သစ်တန်ချိန် ဘယ်လောက်ထုတ်မယ်ဆိုတာကို အခုချိန်ထိ သစ်လုပ်ငန်းရှင်တွေကို အစိုးရက ချမပြသေးဘူး"ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းများအသင်းမှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

လာမည့် ၂၀၁၄ခုနှစ် ဧပြီမှစ၍ မြန်မာနိုင်ငံမှ သစ်အလုံးလိုက် ပြည်ပသို့ တင်ပို့မှုအား ရပ်တန့်မည် ဖြစ်ခြင်းကြောင့် မြန်မာ့သစ် ပြည်ပတင်ပို့မှု ဈေးကွက်သည် ပြောင်းလဲမှု ကြီးမားနိုင်ကြောင်း သိရသည်။

"၂၀၁၄ ဧပြီမှာ သစ်လုံးလိုက်တင်ပို့မှု ရပ်သွားမယ်ဆိုရင် ဈေးကွက်က ပုံစံပြောင်းသွားနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အဲဒီဈေးကွက်ကို ချိန်ဆနေတုန်းပါပဲ။အိန္ဒိယတို့လို ကုန်ကြမ်းအများကြီးယူတဲ့ နိုင်ငံတွေအနေနဲ့ ကျွန်တော်တို့ဆီကနေ ဘာဝယ်မလဲဆိုတာကို လေ့လာမှုတွေ လုပ်နေတယ်။ ချိန်ဆကြည့်နေတယ်။ ၂၀၁၄ မှာ သစ်ဈေးကွက်က ပုံစံတော်တော်လေး ပြောင်းသွားနိုင်ပါတယ်"ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းများအသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘာဘာချိုက ပြောကြားသည်။

မြန်မာနိုင်ငံ၏ သစ်ဈေးကွက် အခြေအနေမှာတော့ သစ်လုံးဈေးကွက်နှင့် သစ်အချောထည် ဈေးကွက်များဟူ၍ ရှိကြောင်း၊ သစ်လုံးများအား အဓိကအိန္ဒိယသို့ တင်ပို့ပြီး သစ်ခွဲသားအများစုကို မလေးရှား၊ ထိုင်းနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

"သစ်လုံးဈေးကွက်က ပျောက်သွားမှာပါ။ ဥရောပကတော့ ပစ္စည်းတွေကို ဆက်ဝယ်နေမယ်။ အိန္ဒိယတို့က ကုန်ကြမ်းဝယ်လို့ မရတဲ့အတွက် တစ်ဝက်တစ်ပြက် ကုန်ချောတွေကို ၀ယ်မလားဆိုပြီး ကျွန်တော်တို့ အနေနဲ့ မှန်းဆနေရတယ်။ တင်သွင်းကုန် အခွန်ရာခိုင်နှုန်းတွေလည်း ပြောင်းလဲနိုင်ပါတယ်" ဦးဘာဘာချိုက ပြောကြားသည်။

ယခုလက်ရှိအချိန်ထိတော့ သစ်အချောထည်များကို ယခင်အတိုင်း တင်ပို့နေဆဲဖြစ်ကြောင်း၊ အိန္ဒိယ သစ်ကုန်သည်များလည်း ယခင်ဝယ်ယူထားသော ကုန်ကြမ်းများစွာ ရှိနေကြသေးသော်လည်း မြန်မာနိုင်ငံမှ သစ်လုံးကုန်ကြမ်း ၀ယ်ယူမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။
Eleven Media Group