မင်ဒဲလား ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးသိန်းစိန်

ပို့စ်တင်ချိန် - 12/09/2013 12:12:00 PM

အယ်ဒီတာ့အာဘော်ကဏ္ဍ

တောင်အာဖရိကတိုက်၏ လူဖြူလူမည်းခွဲခြားမှုတိုက် ဖျက်ရေးခေါင်းဆောင်၊ တောင်အာဖရိက၏
ပထမဆုံးလူမည်းသမ္မတ၊ တောင်အာဖရိက၏ လူ့အခွင့် အရေးခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်လ် ဆင်မင်ဒဲလား အသက်၉၅နှစ်အရွယ်တွင် ကွယ်လွန်သွား သည့်သတင်း မီဒီယာများတွင် လှုပ်ခတ်သွားသည်။ မင် ဒဲလားကို ခေတ်သစ်တောင်အာဖရိက၏ဖခင်ဟု ဂုဏ်ပြု ချီးမွမ်းခြင်းခံရသော်လည်း သူကိုယ်တိုင်ကမူ သူ၏သား သမီးများကို လူလားမြောက်အောင် မြေတောင်မြှောက် မပေးနိုင်ခဲ့သည့်အတွက် ကြီးစွာ စိတ်မကောင်းဖြစ်ရသည် ဟုပြောဆိုခဲ့ကြောင်း ဖော်ပြထား သည်ကို တွေ့ရသည်။

နယ်လ်ဆင်မင်ဒဲလား၏ ဈာပန အောက်မေ့ဖွယ် အခမ်းအနားသို့ အမေရိကန်သမ္မတအိုဘားမားနှင့် သမ္မတ ဟောင်းများဖြစ်သော ဂျော့ဘုရှ်နှင့် ကလင်တန်တို့ သွား ရောက်ကြမည့်အကြောင်းလည်း တွေ့ရသည်။

မင်ဒဲလား၏ဘဝတွင် ဖိနှိပ်မှုတွေကို တွန်းလှန်ခဲ့ သည်။ ပုဂ္ဂိုလ်ရေးဘဝကို စတေးခဲ့သည်။ ခေတ်သစ်ကမ္ဘာ ကြီးတွင် ထိုသို့သောခေါင်းဆောင်မျိုးသည် အလွန်ပင် ရှားပါး၍ ရတောင့်ရခဲသော ခေါင်းဆောင်မျိုးဖြစ်သည်။

ထိုသို့သောခေါင်းဆောင်မျိုးကို ရခဲ့သဖြင့်လည်း တောင် အာဖရိကသည် နိုင်ငံတကာမျက်နှာစာထက် ပြန်လည် နေရာရလာခဲ့၊ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်သည်။ မင် ဒဲလားသည် သူ့သမိုင်းကောင်း၊ သူ့သမိုင်းကြောင်းကို သူ ရေးထိုးသွားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူထုအကျိုးအတွက် ပုဂ္ဂိုလ်ရေး စွန့်လွှတ်၊ မိသားစုအရေး ဘေးချိတ်၊ ဆွေမျိုးသားချင်း ကောင်းစားရေး လုံးဝမလုပ်ခဲ့သော ခေါင်းဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်းသာ အထင်အရှား ဖြစ်သည်။ ထို့ နောက် မိသားစုဘဝ၊ ပုဂ္ဂိုလ်ရေးဘဝ စွန့်လွှတ်နိုင်သူများ ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်လည်း အပါအဝင်ဖြစ်သည်။ တစ်ခုသောအင်န်အယ်လ်ဒီပါတီဝင် တစ်ဦး၏ဇနီး နာရေးတစ်ခုတွင် ထိုပါတီဝင်စာရေးဆရာကြီး အား ဒေါ်အောင်ဆန်းစု ကြည်လည်း မင်ဒဲလားပြောသော စကားဆန်ဆန်ပြော ခဲ့ဖူးကြောင်း ကြားသိရတာရှိသည်။

ယင်းမှာ ''ဆရာကြီး ရေ ဆရာကြီးတို့၊ ကျွန်မတို့ နိုင်ငံရေးသမားတွေ မိသားစု တာဝန်တော့ မကျေပွန်နိုင်ကြဘူးနော်''ဟူသော စကား ဖြစ်သည်။ ထိုနည်းတူပင် လက်ရှိစစ်ဗိုလ်ချုပ်ကြီးများ ထဲတွင် သမ္မတကြီးဦးသိန်းစိန် သည်လည်း ရိုးသားမှုရှိသူ အဖြစ် အထူးထင်ရှားကျော်ကြားသူ တစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကာလနှင့်ပတ် သက်၍ စစ်ဘက်နှင့် အတိုက်အခံ လက်တွဲလုပ်ဆောင်မှု ကိုကြည့်ပြီး တောင်အာဖရိကပုံစံတို့၊ ဘာတို့ ခိုင်းနှိုင်း တင်စားပြောဆိုကြသည်ကို အစောပိုင်းက ကြားသိရဖူး ပါသည်။ မင်ဒဲလားသည် လူဖြူအစိုးရနှင့် လက်တွဲအပေး အယူလုပ်ပြီး နိုင်ငံတိုးတက်ရာတိုးတက်ကြောင်း လုပ် ဆောင်ခဲ့သလို လက်ရှိမြန်မာ အစိုးရနှင့် အတိုက်အခံပါတီ တို့ ပူးပေါင်းလက်တွဲ လုပ်ဆောင်မှုကိုလည်း ထိုသဘော မျိုး မှတ်ချက်ပြုခဲ့ကြခြင်း ဖြစ်ပါသည်။ သို့ရာတွင် မင်ဒဲ လားသည် တောင်အာဖရိက ပြည်သူများ၏ လက်ထဲတွင် ခေတ်သစ်တောင် အာဖရိကကို ပေးအပ်ထားနိုင်ခဲ့ပြီဖြစ် သည်။ ခေတ်သစ်မြန်မာနိုင်ငံ ကို မြန်မာပြည်သူလူထု လက်ထဲ မည်သူက ပေးအပ်ထားခဲ့မည်လဲ ဆိုသည်ကိုမူ သမိုင်းက အဖြေထုတ်ပေးလိမ့်မည်ဖြစ်ပါကြောင်း။

အယ်ဒီတာ

Yangon Media Group