မိကျောင်းကန် ဆန္ဒပြသူတွေ ရန်ကုန် ဝန်ကြီးချုပ်နဲ့တွေ့

ပို့စ်တင်ချိန် - 12/09/2013 04:55:00 PM


တပ်ပိုင်မြေအဖြစ် အစိုးရ သိမ်းထားတဲ့ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် မြေနေရာနဲ့ ပတ်သက်လို့ ပြဿနာ ဖြေရှင်းပေးဖို့ ဆန္ဒပြသူတွေက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒီကနေ့ တနင်္ဂနွေနေ့ ညနေက သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမယ့် ညှိနှိုင်း ဖြေရှင်းနိုင်မှု မရှိခဲ့ဘူးလို့ ဆန္ဒပြသူတွေက ဘီဘီစီကို ပြောပါတယ်။

လူ ရာနဲ့ချီ တောင်းဆို ဆန္ဒပြနေတဲ့ မိကျောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာလ ၉ရက် ည ၆နာရီ မတိုင်ခင် အပြီးဖျက်သိမ်းပေးဖို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးနဲ့ တပ်မြို့ စည်ပင်တို့ရဲ့ အမိန့်နဲ့ ဒီဇင်ဘာလ ၇ရက်နေ့ညက သတိပေးစာတွေ လာကပ်သွားခဲ့အပြီးမှာ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ အခုလို သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

ဒီမြေတွေဟာ တပ်မတော် ပိုင်တဲ့မြေတွေ ဖြစ်တာမို့ ပိုင်ရှင်က ဖယ်ခိုင်းရင် ဖယ်ရမှာ ဖြစ်တယ် ဆိုပြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောတယ်လို့ ဆန္ဒပြ အမျိုးသမီးငယ် မမေနွယ်သန်းက ပြောပြပါတယ်။

ဆန္ဒပြသူတွေဘက်ကလည်း ဒီမြေတွေဟာ တပ်မတော်ဆိုတာ မပေါ်ပေါက်ခင် ဗိုလ်ချုပ် ၃နှစ်သား အရွယ်ကတည်းက ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့တဲ့ ဘိုးဘွားပိုင်မြေတွေ ဖြစ်တယ်လို့ ရှင်းပြခဲ့ပြီး နောက်မှ ပေါ်လာတဲ့ တပ်မတော်က ဒီမြေတွေရဲ့ ပိုင်ရှင် ဆိုပြီး ပြောနေတာအပေါ် ပြန်မေးခွန်း ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း မြေယာ ပိုင်ဆိုင်မှု အထောက်အထားတွေကို မြေယာ ကော်မီတီက အထပ်ထပ် စစ်ဆေးပြီးမှ ဒီပြဿနာနဲ့ ပတ်သက်လို့ အဖြူအမည်း သဲသဲကွဲကွဲ အဖြေကို သူပေးနိုင်မှာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆန္ဒပြသူတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

အခုအခါ သပိတ်စခန်း ဖယ်ရှားပေးဖို့ နောက်ဆုံး နေ့ရက် အချိန် သတ်မှတ် သတိပေးထားပေမယ့်လည်း ဝန်ကြီးချုပ် ဦးမြင့်ဆွေဆီက အဖြူအမည်း အဖြေ သိရတဲ့ အထိ ဆက်ဆန္ဒပြသွားမှာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ဘီဘီစီကို ပြောပါတယ်။

စနေနေ့တုန်းကတော့ အစိုးရဘက်က အင်အားသုံး လူစုခွဲခဲ့တဲ့အတွက် ဆန္ဒပြသူတခိျု့ ဒဏ်ရာရသွားခဲ့ပြီး အခြေအနေတွေ တင်းမာနေခဲ့ပါတယ်။

မိကျောင်းကန် မြေမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ သီတင်း နှစ်ပတ်နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။
BBC Burmese