ဝန်ကြီးချုပ် ယင်လပ် ထွက်ပြေးပြီ ဟူသောသတင်း ထိုင်းအစိုးရငြင်း

ပို့စ်တင်ချိန် - 12/02/2013 03:28:00 PM



ဗန်ကောက်၊ ဒီဇင်ဘာ-၁

ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့ကို ဖြုတ်
ချရန် ကြိုးပမ်းနေသည့် အတိုက်အခံဆန္ဒပြသမားများသည် ဒီဇင်ဘာ ၁ ရက်
ကိုအောင်ပွဲနေ့အဖြစ် ကြေညာ၍ ပြည်သူ့အာဏာသိမ်းပိုက်ရေး လှုပ်ရှားမှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ ဗန်ကောက်မြို့တော်လမ်းပေါ် ပဋိပက္ခများကြောင့် သေဆုံးသူလေးဦးအထိ ရှိလာပြီဖြစ်သည်။

သတင်းမီဒီယာများ၏ အဆိုအရအစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားထောင်
ပေါင်းများစွာတို့သည် ၀န်ကြီးချုပ်ရုံးစိုက်ရာ အစိုးရအိမ်တော်ကို ၀င်စီးရန် ကြိုးပမ်းလျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ သုံး၍ တားဆီးနေရကြောင်း သိရသည်။

တစ်ချိန်တည်း၌ပင် ဆန္ဒပြအုပ်စုတစ်စု၏ အ၀ိုင်းခံရမည့်ဘေးမှ လွတ်
မြောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ယင်လပ်သည် နိုင်ငံကို စွန့်ခွာထွက်ပြေး သွားပြီဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေမှုကို ထိုင်းအစိုးရ တာဝန်ရှိသူများကဖြေရှင်းချက်များ ထုတ်ပြန်ထားသည်။

အလားတူ ထိုင်းဘုရင်မင်းမြတ်မွေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၅ ရက်မတိုင် မီ
လက်ရှိအစိုးရကို အလဲထိုးရေးအတွက်ဆန္ဒပြပွဲများ၌ ပါဝင်အင်အားဖြည့်ပေး
ကြရန် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားခေါင်းဆောင်များက ဗန်ကောက်မြို့
တော် ပြည်သူများအား တိုက်တွန်းထားသည်။

ဒီဇင်ဘာ ၁ ရက် ပြည်သူ့အာဏာသိမ်းယူရေးလှုပ်ရှားမှုအတွင်း အစိုးရရုံး
၁၀ ရုံး၊ ရုပ်မြင်သံကြားထုတ်လွှင့်ရေးဌာနခြောက်ခု၊ ရဲတပ်ဖွဲ့ဌာနချုပ်များနှင့် ၀န်ကြီးချုပ်ရုံးတို့ကို လက်ရစီးနင်းကြရန် အတိုက်အခံခေါင်းဆောင်များက တိုက်တွန်းထားရာ ထိုင်းစစ်ဘက်က ၀င်ရောက်စွက်ဖက်ရမည့် အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
သို့ရာတွင် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးမတည်ငြိမ်မှုများအတွင်း ၀င်ရောက်စွက်ဖက်ရန် ထိုင်းတပ်မ တော်အနေဖြင့် အလျင်လိုသည့် သဘောမရှိဘဲ အကြမ်းဖက်မှုများ ရပ်တန့်ကြရေးအတွက်သာ ထိုင်းတပ် မတော်အကြီးအကဲက တိုက်တွန်းထားသည်။

လက်ရှိ ၀န်ကြီးချုပ်ယင်လပ်၏ အစ်ကို ၀န်ကြီးချုပ်ဟောင်းသက်ဆင်ကို အပြစ်ကင်းကင်း ပြည်တော်ပြန်ခွင့်ပေး နိုင်သည့် ဥပဒေအဖြစ် အတိုက်အခံ များက သတ်မှတ်ထားကြသော နိုင်ငံရေး လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ဥပဒေကြမ်းကိုအကြောင်းပြု၍ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို ကျေးလက်နှင့် မြို့ပြအလုပ်သမား လူတန်းစားများကထောက်ခံကြသော်လည်း ထိုင်းတောင်ပိုင်းသားများ၊ လူလတ်တန်းစားများနှင့် ရေပေါ်ဆီလူတန်းစားများက လိုလားနှစ်ခြိုက်မှုမရှိ ကြချေ။

စံတော်ချိန် နေ့စဉ်သတင်းစာ