ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံသားအခွင့်အရေးနှင့် အမျိုးဘာသာ/သာသနာ စောင့်ရှောက်ရေးအပေါ်အမြင်

ပို့စ်တင်ချိန် - 12/02/2013 08:53:00 AM

နိုင်ငံသားအခွင့်အရေးဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆိုင်တယ်၊ အဲဒါအခုလောလောဆယ် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဒီတော့ နိုင်ငံသားတိုင်း၊ နိုင်ငံသားတိုင်း နိုင်ငံသူ/နိုင်ငံသားအားလုံးဟာ ဖွဲ့စည်းပုံအခြခံဥပဒေက ပေးထားတဲ့ အခွင့်အရေးအားလုံးကို အပြည့်အ၀ရရှိရမယ်။ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးဆိုတာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းကပဲ ဖြစ်ရမယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီးတော့ ဆန့်ကျင်ပြီးတော့ လုပ်တဲ့ကိစ္စမျိုး မဖြစ်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာလို့ရှိရင် လူမျိုးများ ပေါင်းစုံရှိတယ်၊ ဘာသာပေါင်းစုံရှိတယ်၊ အားလုံးဟာ အေးအေးချမ်းချမ်းနဲ့ နေနိုင်ရမယ်၊ အဲတော့ အေးအေးချမ်းချမ်းနဲ့ နေနိုင်ဖို့ဆိုတာ နှစ်ဖက်စလုံး အပေါ်မှာ မူတည်တယ်။ အခုဆိုလို့ရှိရင် ကျွန်မကြားတာကတော့ အခုဒီတစ်ရက်နှစ်ရက်အတွင်း ကဆိုလို့ရှိရင် ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေက ဒီလိုပဲ လူပုဂ္ဂိုလ်တွေထဲက လူကြီးတွေထဲကတော့ရော၊ ကျွန်မတို့အချင်းချင်း သွေးမကွဲဖို့၊ ပြဿနာတွေဖြစ်အောင် ဖန်တည်းနေတဲ့ အစုအဖွဲ့ တွေရဲ့ လက်ထဲကို မရောက်သွားဖို့၊ သူတို့ထောင်တဲ့ ထောင်ချောက်ထဲကို မရောက်သွားဖို့၊ မ၀င်သွားဖို့ ဆိုပြီးတော့ သတိပေးနေတာတွေရှိတယ်ဆိုပြီးတော့ ကျွန်မတို့ ကြားရပါတယ်။ အဲလိုသတိပေးတာတွေလဲ ကောင်းပါတယ်၊ ဒါတွေကို ကျွန်မတို့ နှလုံးသွင်းဖို့ကလိုတယ်၊ ကျွန်မတို့ဟာ ကွာခြားရေး၊ မုန်းတီးရေး၊ ခွဲခြားရေး၊ ဦးတည်တဲ့ဘက်ကို မလိုက်သွားပါနဲ့၊ အားလုံးဟာ စုစည်းရေး၊ နားလည်မှုပေးရေး၊ ပြဿနာများကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာရေး၊ မတူကွဲပြားတဲ့ စိတ်ဓါတ်များကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်အောင်လုပ်ရေးဘက်ကို ဦးတည်ဖို့လိုပါတယ်။ အဲဒီဟာကို အဲဒီလို ဦးတည်နိုင်ဖို့ဆိုတာ ဖွဲ့စည်းပုံဥပဒေဟာလည်း မှန်ကန်ဖိုကလိုတယ်၊ အဲဒီဖွဲ့စည်းပုံဥပဒေဘောင်အတွင်းကနေ နိုင်ငံသူ/နိုင်ငံသား တစ်ယောက်ချင်းဟာ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေး အားလုံးကို ရဖို့ဆိုတာဟာ အစိုးရများရဲ့ တာဝန်ဖြစ်ပါတယ်။ အဲဒီဟာကို အာမမခံနိုင်လို့ရှိရင် အစိုးရကို မလုပ်နဲ့လို့ ပြောချင်ပါတယ်။ ဒီဇင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် မဲလ်ဘုန်းမြန်မာတိုင်းရင်းသားများ မိသားစု တွေ့ ဆုံပွဲအမေးအဖြေများမှ




Thit Htoo Lwin