HIV/AIDS နှင့် နေထိုင်သူများကို ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရန် ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပို့စ်တင်ချိန် - 12/02/2013 11:44:00 AM


ကမ္ဘာတစ်ဝန်းရှိ HIV/AIDS နှင့် နေထိုင်သူများကို ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရန် ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျ နိုင်ငံတွင် ကျင်းပသော ကမ္ဘာ့ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားလိုက်သည်။

ကုလသမဂ္ဂ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး အစီအစဉ် (UNAIDS) ၏ ကမ္ဘာလုံးဆိုင်ရာ ခွဲခြား ဆက်ဆံမှု ပပျောက်ရေး သံတမန်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်က ယင်းအခမ်းအနားတွင် မိန့်ခွန်း ပြောဆိုခဲ့ပြီး HIV/AIDS နှင့် နေထိုင်သူများအပေါ် နွေးထွေးမှု၊ မေတ္တာ တရား၊ ချစ်ခင်ကြင်နာစိတ်၊ ကရုဏာပိုမို ပေးအပ်ရန် တိုက်တွန်း ပြောကြားခဲ့သည်။

ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေးမှာ ဒေါ်အောင်ဆန်းစုကြည်၏ အာဏာရှင်စနစ် တွန်းလှန်ရေး ကမ္ဘာကျော် စကားခံယူချက် ဖြစ်ပြီး ယင်းကို ကမ္ဘာ့ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ထပ်မံသုံးစွဲခဲ့ခြင်း ဖြစ်သည်။

HIV/AIDS နှင့် နေထိုင်သူများကို ခွဲခြားဆက်ဆံမှုများ လုံးဝပပျောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ၂၀၁၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ယင်းအခမ်းအနား တွင် ထုတ်ပြန် ကြေညာသည်။

ကုလသမဂ္ဂ ခုခံအားကျဆင်း ကူးစက်ရောဂါ တိုက်ဖျက်ရေး အစီအစဉ် (UNAIDS) ကမ္ဘာလုံးဆိုင်ရာ ခွဲခြားဆက်မှု လုံးဝပပျောက်ရေး သံတမန် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ လှုပ်ရှားမှုအတွက် UNAIDS ၏အုပ်ချုပ်ရေး ဒါရိုက်တာနှင့် ပူးတွဲ၍ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

လှုပ်ရှားမှုကို အများပြည်သူထံ တရားဝင် ကြေညာပြီးနောက် အင်တာနက် ဝက်ဘ်ဆိုက် တစ်ခုဖွင့်လှစ်ကာ တစ်ကမ္ဘာလုံးက လူထုနှင့် ဆက်သွယ်ချိတ်ဆက်သွားမည် ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ခွဲခြား ဆက်ဆံမှု လုံးဝပပျောက်ရေး သင်္ကေတကို လိပ်ပြာ ပုံသဏ္ဌာန် ဖော်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကနဦး လှုပ်ရှားမှုအဖြစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှ ကမ္ဘာ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေး အထိမ်းအမှတ်နေ့အထိ အထိမ်းအမှတ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် (HIV/AIDS) နှင့် နေထိုင်သူများသည် ပြည်သူ့ဆေးရုံ အချို့မှ ကျန်းမာရေး ဝန်ထမ်းအချို့၏ ခွဲခြား ဆက်ဆံမှုများ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ခွဲခြားဆက်ဆံမှုများ ခံစားနေရပြီး အထူးသဖြင့် ကျန်းမာရေး ဝန်ထမ်းအချို့၏ အပြောအဆို ရိုင်းပျမှုကြောင့် အချို့လူနာ များမှာ ခုခံအားကျဆင်းမှုကို ထိန်းပေးသော ART ဆေးရရှိမှု ခက်ခဲရကြောင်း HIV ပိုး ကူးစက်ခံထားရသူ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ကမ္ဘာပေါ်တွင် HIV/AIDS နှင့် နေထိုင်သူ ခုနစ်ဦးတွင် တစ်ဦးမှာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ငြင်းဆန်ခံရပြီး အလားတူ HIV/AIDS နှင့် နေထိုင်သူ ဆယ်ဦးလျှင် အနည်းဆုံး တစ်ဦးမှာလည်း အလုပ်အကိုင် ရရှိရေးအတွက် ငြင်းပယ်ခံနေရကြောင်း UNAIDS ၏ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ၂၀၀၀ ပြည့်နှစ်တွင် HIV ပိုးကူးစက်မှုနှုန်း ၀ ဒသမ ၉၄ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၃ ခုနှစ် တွင် ၀ ဒသမ ၄၇ ထိ တဖြည်းဖြည်း ကျဆင်းလျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly