ပဋိပက္ခ ဒုက္ခသည်များကို မြေနေရာ ပြန်လည် ချထားပေးမည်ဟုဆို

ပို့စ်တင်ချိန် - 12/02/2013 03:20:00 PM




မိတ္ထီလာ၊ ဒီဇင်ဘာ ၁

မိတ္ထီလာမြို့တွင် ယခုနှစ် မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ဖြစ်ပွားသော ပဋိပက္ခကြောင့် ချမ်းအေးသာယာ ရပ်ကွက်တွင် နေထိုင်ခဲ့သော မီးဘေးသင့် ဒုက္ခသည်များကို ဒီဇင်ဘာလအတွင်း မြေနေရာများ ပြန်လည် ချထားပေးသွားမည် ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာ မီးဘေးသင့် ဒုက္ခသည်များကို ပြန်လည် နေရာ ချထားရာ၌ မြေပိုင်ဆိုင်မှု အထောက်အထား ခိုင်မာပြီး အရှုပ်အရှင်းကင်းသည့် အိမ်ထောင်စု ၉၃ စုကို ပေ ၄၀-၃၀ မြေကွက်များကို ဦးစွာချပေးမည် ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

မြေပေးအမိန့်၊ မြေပိုင်ဆိုင်မှု အထောက်အထား ရှိသော်လည်း အရှုပ်အရှင်းရှိသော အိမ်ထောင်စု ၇၇ စု ကို ဒုတိယအုပ်စုအဖြစ် စိစစ်နေရာ ချပေးမည် ဖြစ်ပြီး မြေပိုင်ဆိုင်မှု အထောက်အထား မရှိသော အိမ်ထောင်စု ၁၉၃ စုကို အိမ်ထောင်သည်လိုင်းများ တည်ဆောက်ကာ ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ပဋိပက္ခ ကာလအတွင်း မီးဘေးသင့်ခဲ့သော ချမ်းအေးသာယာ ရပ်ကွက်တွင် မူလက မြေကွက်ပေါင်း ၆၃၇ ကွက်ရှိရာတွင် မြေကွက် ၄၄၃ ကွက်မှာ အထောက်အထား စိစစ်ပြီး ဖြစ်ကြောင်း မိတ္ထီလာ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီထံမှ သိရသည်။
“မနေ့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ မြေနေရာ ပြန်လည် ချထားရေးကိစ္စအတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အစည်းအဝေး လုပ်တယ်လို့ သိရတယ်။ အဆောက်အအုံ လှူမယ့် ပြင်ပက ပုဂ္ဂလိက အလှူရှင်တွေလည်း ပါတယ်လို့ သိရတယ်။ ဒီဇင်ဘာလ ဒုတိယပတ်မှာ စမယ်လို့ သတင်း ထွက်နေတယ်။ မူလကရှိခဲ့တဲ့ ၅၀-၃၀ အတိုင်း ပြန်လိုချင်ပါတယ်” ဟု ရေအရင်းအမြစ် ဒုက္ခသည် စခန်းတွင် ရောက်ရှိနေသော မီးဘေးသင့် ဒုက္ခသည် ဦးမောင်မောင်က ဆိုသည်။

မိတ္ထီလာ ပဋိပက္ခ ဒုက္ခသည်များသည် ကယ်ဆယ်ရေးစခန်းတွင် နေထိုင် ခဲ့ရသည်မှာ အချိန် ရှစ်လကျော် ကြာပြီဖြစ်၍ စားနပ်ရိက္ခာနှင့် လူမှုရေး အခက်အခဲများ နေ့စဉ် ပိုမိုများပြားလာလျက် ရှိခြင်းကြောင့် ဒုက္ခသည်များသည် မြေနေရာ ပြန်လည်နေရာ ရရှိရေးကို မျှော်လင့်လျက် ရှိရာ မြေကွက်များ ပြန်လည် ချပေးတော့မည်ဟု သတင်းများ ကြားနေရကြောင်း သာသနာရက္ခိတ ကယ်ဆယ်ရေးစခန်းမှ ဒေါ်ဦးက ပြောကြားသည်။

မိတ္ထီလာမြို့ တွင် မတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ သုံးရက်ကြာ ဖြစ်ပွားခဲ့သော ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခကြောင့် လူပေါင်း ၄၃ ဦးသေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၁၅၄၉ လုံး မီးရှို့ဖျက်ဆီးခံ ခဲ့ရကြောင်း အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ မိတ္ထီလာမြို့တွင် ကယ်ဆယ်ရေးစခန်း ငါးခု ဖွင့်ထားဆဲ ဖြစ်ပြီး ဒုက္ခသည်ပေါင်း ၄၁၈၆ ဦးခန့် ကျန်ရှိနေရာ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေး စခန်းနှစ်ခုဖြစ်သော သာသနာရက္ခိတ ကျောင်းတွင် ဒုက္ခသည် ၆၆၄ ဦး၊ အုတ်ဖို အလယ်ကျောင်းတွင် ဒုက္ခသည် ၁၉၀ ဦး၊ မွတ်ဆလင် ကယ် ဆယ်ရေးစခန်းများဖြစ်သော ဗဟိုပို့ဆောင် ဆက်သွယ်ရေးစခန်းတွင် ဒုက္ခသည် ၁၅၅၀ ဦး၊ မိတ္ထီလာခရိုင် အားကစားကွင်း စခန်းတွင် ၈၉၄ ဦး၊ ရေအရင်းအမြစ် စခန်းတွင် ဒုက္ခသည် ၈၆၈ ဦး ကျန်ရှိနေသေးကြောင်း ယင်းစခန်းများ၏ ထုတ်ပြန်ထားသော လူဦးရေ စာရင်းများအရ သိရသည်။

The Voice Weekly