ကလပ်မှအပြန် နိုင်ငံခြားသား မောင်းလာသည့် ပို့ဆောင်ရေးဝန်ကြီး၏ ကားဖြင့် တိုက်မိ၍ လူနှစ်ဦး သေဆုံး

ပို့စ်တင်ချိန် - 12/02/2013 11:24:00 AM


ဒဂုံမြို့နယ် မြို့မကျောင်းလမ်းပေါ် သာသနရံသီ သိမ်ကျောင်း အနီးတွင် နိုဝင်ဘာလ ၃၀ ရက် နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က ပိုင်အိုးနီးယား ကလပ်မှ ပြန်လာသည့် စင်ကာပူနိုင်ငံသား မောင်းနှင်လာသော ပို့ဆောင်ရေးဝန်ကြီး၏ ဌာနပိုင် ဝန်ကြီးနေအိမ်သုံး မော်တော်ယာဉ် (ပါဂျဲရိုးယာဉ်) နှင့် စက်ဘီးတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ စက်ဘီး စီးနင်းလာသော အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသော အဆိုပါယာဉ် (ပါဂျဲရိုး) မှာ မြို့မကျောင်းလမ်းပေါ်တွင် အရှိန်မထိန်းနိုင် ဖြစ်ရာမှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး အမျိုးသားနှစ်ဦး စီးနင်းလာသော စက်ဘီးကို မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ကာ မောင်းနှင် ထွက်ပြေးခဲ့ကြောင်း၊ ယာဉ်တိုက်ခံရ၍ စက်ဘီးနောက်ခုံ တွင် လိုက်ပါလာသော အသက် ၂၆ နှစ်အရွယ် ကိုနိုင်လင်း၏ ဆီးခုံကွဲကာ နေရာတွင် သေဆုံးခဲ့ပြီး စက်ဘီးနင်းလာသူ စည်သူမင်း (ခ) ကိုပိုင်မှာ ညာဘက်ဦးခေါင်း ဖူးရောင်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့စဉ် လမ်းခုလတ်၌ သေဆုံး ခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ အသက် ၃၂ နှစ်အရွယ် ကိုစိုးမိုးကျော် က ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်စဉ် သေဆုံးသူ အမျိုးသားနှစ်ဦးနှင့်အတူ အခြားစက်ဘီး တစ်စင်းဖြင့် လိုက်ပါလာသူ ယဉ်ကျေးမှု လိုင်းခန်းမှ အသက် ၃၂ နှစ်အရွယ် ကိုစိုးမိုးကျော်က ယာဉ်နံပါတ်ကို မှတ်မိသောကြောင့် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ် စုံစမ်းခဲ့ရာမှ ပို့ဆောင်ရေးဝန်ကြီး ဌာနပိုင် မော်တော်ယာဉ် ဖြစ်ကြောင်း သိရှိရသည်ဟု ဒဂုံမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စု-၂၁ မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် မော်တော်ယာဉ် ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရာမှ မြန်မာ့လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူးရုံးမှ တစ်ဆင့်ဆက်သွယ် မေးမြန်းခဲ့ရာ အဆိုပါယာဉ်မှာ ဝန်ကြီး ဦးဉာဏ်ထွန်းအောင်၏ နေအိမ်သုံး မော်တော်ယာဉ် ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက် နံနက်က ဝန်ကြီး၏ သားဖြစ်သူ (ယူနစ်မရင်းဆားဗစ် ကုမ္ပဏီ ဒါရိုက်တာ) က ၎င်းကုမ္ပဏီ၏ အကြံပေးအရာရှိ စင်ကာပူ နိုင်ငံသား Mr. Jonathan Sivapuniam ကို ယင်းနေ့တွင် ငှားရမ်းခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

စင်ကာပူနိုင်ငံသား Mr. Jonathan Sivapuniam သည် ယူနစ်မရင်းဆားဗစ် ကုမ္ပဏီတွင် အကြံပေးအရာရှိအဖြစ် သုံးနှစ်ခန့် လုပ်ကိုင်လျက် ရှိကြောင်း၊ ယင်းနေ့က ရုံးလုပ်ငန်းအတွက် အသုံးပြုရန် တက္ကသိုလ်ရိပ်သာလမ်းရှိ ကုမ္ပဏီ ဒါရိုက်တာ၏ နေအိမ်မှ မော်တော်ယာဉ် ငှားရမ်းခဲ့ပြီး သန်လျင်မြို့နယ်ရှိ MITT ဆိပ်ကမ်းနှင့် ပဲခူးမြို့နယ် ညောင်အင်း ကျေးရွာရှိ ဘီယာစက်ရုံ တည်ဆောက်မည့် နေရာများကို သွားရောက် ကြည့်ရှုခဲ့ကြောင်း၊ ယင်းည ၁၁ နာရီ ၃၀ မိနစ်ခန့်က အလုံလမ်းပေါ်ရှိ Pioneer Club သို့ ဝင်ရောက်ခဲ့ပြီး ဗိုလ်မြတ်ထွန်းလမ်းရှိ တည်းခိုရာ ဟိုတယ်သို့ အပြန် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားစဉ် ပါဂျဲရိုးယာဉ်မှာ မောင်းနှင် ထွက်ပြေးခဲ့သော်လည်း ယာဉ်နှင့် စက်ဘီးတိုက်မိစဉ်က ကျိုး၍ ပြုတ်ကျခဲ့သော အင်ဂျင်စက်ဖုံး လေဝင်ပေါက် အပိုင်းအစနှင့် မျက်မြင် တွေ့ရှိသူ၏ ထွက်ဆိုချက်များကို နိုဝင်ဘာလ ၃၀ ရက် နံနက် ၉ နာရီခန့်က ယာဉ်ထိန်း တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ တိုက်ဆိုင် စစ်ဆေးခဲ့ရာမှ အမှုမှန် ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ယာဉ်မဆင်မခြင် မောင်းနှင်သော စင်ကာပူ နိုင်ငံသားကို ဖမ်းဆီးခဲ့ပြီး သက်သေခံယာဉ်ကို သိမ်းဆည်းခဲ့ကာ ဒဂုံမြို့နယ်မြို့မ ရဲစခန်းမှ ယာဉ် (ပ) ၄၃/၁၃၊ ပြစ်မှု ပုဒ်မ ၃၀၄/က/၂၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဒဂုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု-၂၁ ထံမှ သိရှိရသည်။

The Voice Weekly