(၈)နှစ်အရွယ် မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုကို စစ်ဆေးရာတွင် လုပ်ထုံးလုပ်နည်းနှင့် မညီ

ပို့စ်တင်ချိန် - 12/20/2013 05:08:00 PM


ဟင်္သာတ၊ ဒီဇင်ဘာ ၁၉။

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့တွင် (၉-၁၂-၂၀၁၃)နေ့က ဒုတိယ တန်းကျောင်းသူ (၈)နှစ်အရွယ် မိန်းကလေးငယ်အား အသက် (၆၀) အမျိုးသားတစ်ဦးက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဖြစ်ပေါ်ခဲ့ရာ ထိုအမှုကို စစ်ဆေးရာတွင် လုပ်ထုံးလုပ်နည်းနှင့် မညီကြောင်း သိရသည်။ စတင်အခင်း ဖြစ်သည့်နောက်တစ်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကလေးငယ်၏ မိဘများ မရှိချိန်ဖြစ်နေ၍ အဒေါ်တော်စပ်သူမှ ရဲစခန်းသို့သွားရောက်တိုင်ကြားရာ စခန်းမှူး ရဲအုပ်တင်ကိုလတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမြင့်အောင်တို့က အမှုဖွင့်ပေးခြင်းမရှိပဲ အဒေါ်ဖြစ်သူကိုသာ လက်မှတ်ထိုးခိုင်းပြီး အိမ်ပြန် လွတ်ခဲ့ကြောင်း သိရသည်။ မိဘများပြန်ရောက်လာပြီး ကျေနပ်မှု မရှိသောကြောင့် အခင်းဖြစ်ပွားပြီး တစ်ပတ်အကြာ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရဲစခန်းသို့ ထပ်မံတိုင်ကြားအမှုဖွင့် စစ်ဆေးခိုင်းခဲ့သည်။

ကလေးငယ်ကို ဆေးစစ်ရာတွင် ဆေးရုံအုပ်ကြီးမှ အခင်းဖြစ်ပွားပြီး ပထမတိုင်ကြားရက်တွင် စစ်ဆေးခဲ့ပါက စစ်ဆေးရလွယ်ကူမည်ဖြစ်ပြီး၊ ယခုတစ်ပတ်ကျော်မှ စစ်ဆေးသောအခါတွင်မှု အခက်အခဲရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ဒီဇင်ဘာ ၁၈ ရက်တွင် ကလေးငယ်အား ရဲစခန်းတွင် စစ်ဆေးရာ မိဘအုပ်ထိန်းသူနှင့်အတူ မေးမြန်းစစ်ဆေးခြင်းမရှိပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်၊ ရပ်ကွက်အထောက်အကူပြုအဖွဲ့နှင့် ရဲအုပ်တင်ကိုလတ်မှ တံခါးပိတ်စစ်ဆေးခဲ့သည့်အတွက် လုပ်ထုံးလုပ်နည်းနှင့် မညီကြောင်း ကလေးငယ်၏ မိဘအုပ်ထိန်းသူများက ပြောကြားသည်။

Hinthata HumanRights