ကလေးတက္ကသိုလ်တွင် ကျောင်းစာအုပ်များကို မူရင်းစာအုပ် ဈေးနှုန်းထက် လေးငါးဆအထိ အမြတ်ငွေတင်ပြီးရောင်းချနေ

ပို့စ်တင်ချိန် - 1/20/2014 08:00:00 AM


ကလေး၊ ဇန္န၀ါရီ ၁၉။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးတက္ကသိုလ်တွင် သစ်လွင်ကျောင်းသားများကို အထူးပြုဘာသာရပ် အသီးသီးမှ လက်စွဲစာအုပ်များ ရောင်းချရာတွင် မူရင်းစာအုပ် ဈေးနှုန်းထက် နှစ်ဆ၊သုံးဆမှ လေးငါးဆအထိ အမြတ်ငွေတင်ပြီး ရောင်းချနေကြောင်း ကျောင်းသား၊ ကျောင်းသူအချို့ထံမှ သိရသည်။

“ပထမနှစ်ကျောင်းသားတိုင်း မ၀ယ်မနေရ ၀ယ်ရတဲ့ Aspect of Myanmar စာအုပ်ကိုနမူနာပြောမယ်ဗျာ။စာမျက်နှာ ၃၀ ပါ၊ စာရွက် – ၁၅ ရွက်ပဲရှိပြီး ရေစိုလှိမ့်အဖုံးချုပ်စာအုပ်။ မူရင်းဈေးမှန်က ငါးရာထက် မပိုဘူး။ အဲဒါကို နှစ်ထောင့်ငါးရာနဲ့ ရောင်းတယ်။ ကျောင်းသားအယောက် နှစ်ထောင်ရှိရင် သိန်းလေးဆယ် အသားတင်အမြတ် ရလိမ့်မယ်။ ဒါကျောင်းသား တစ်ယောက်တည်းဆီက AM တစ်အုပ်တည်း အပေါ်မှာရတဲ့ အမြတ်ပဲရှိသေးတယ်။ကျန် အထူးပြုကျောင်းသားတွေဖြစ်တဲ့ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်တွေဆီက ရတဲ့ အမြတ်ငွေတွေ ရှိသေးတယ်။ ဌာနတစ်ခုချင်းစီက ပညာသင်ကာလ တစ်ပိုင်း(၄လ)အတွင်း ရရှိနေကြတဲ့ အမြတ်ငွေတွေကို မှန်းဆနိုင်ပါတယ် ” ဟု မြန်မာစာမေဂျာမှ ကျောင်းသားတစ်ဦးက ပြောသည်။
ကလေးတက္ကသိုလ်တွင် အထူးပြုဌာနကြီး(၁၂)ခုရှိပြီး နှစ်စဉ် ကျောင်းသူ၊ကျောင်းသား အယောက်(၁၅၀၀)မှ (၂၀၀၀)၀န်းကျင်ထိ တက်ရောက်ပညာသင်ယူကြောင်းသိရသည်။ ပထမနှစ်၊ ပထမပညာသင်ကာလအတွက် ကျောင်းဝင်ကြေးအပြင် စာအုပ်ဖိုးပင် ကျပ်နှစ်သောင်းဝန်းကျင် ကုန်ကျနေကြရပြီး စာအုပ်ဈေးနှုန်းများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမြင့်မားလာသဖြင့် ကျောင်းစရိတ်ဝန်ပိနေရကြောင်း ကျောင်းသားမိဘများက ပြောသည်။
“ အဲဒီလောက်များတဲ့ အမြတ်ငွေတွေကို ဌာနရန်ပုံငွေဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြထားပါတယ်။ ဒါပေမယ့် ဌာနအသီးသီးမှာ ဌာနပိုင်ရန်ပုံငွေ ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်တုန်းကမှ ပွင့်လင်းမြင်သာအောင်ရှင်းပြတာမရှိဘူး။
စီမံဘဏ္ဍာကို နှစ်စဉ်ငွေစာရင်းတင်တဲ့အခါကျတော့ ဌာနအများစုက ဌာနလက်ကျန်ငွေ မရှိလို့သာ တင်ကြတယ် ”
ဟု ကလေးတက္ကသိုလ်မှ နည်းပြဆရာတစ်ဦးကပြောသည်။
ကလေးတက္ကသိုလ်သို့ လာရောက်ပညာဆည်းပူးကြသူများမှာ အများအားဖြင့် တစ်ရက်ဝင်ငွေ တစ်ထောင်ကျပ်ပင် အပိုမရှိကြသော တောသူတောင်သား လယ်သမားမိသားစုများမှ သားသမီးများ၊ မြန်မာပြည်တွင် အဆင်းရဲဆုံးဖြစ်သည့်
ချင်းပြည်နယ်ရှိ တောင်ပေါ်နေတိုင်းရင်းသား များသာဖြစ်ကြောင်း သိရသည်။

မင်းမခ(ကလေးမြို့)
The Myanma Age