အကြွေးဝယ်ခွင့် ကတ်ပြား မရှိတော့လျှင် ...

ပို့စ်တင်ချိန် - 1/20/2014 01:08:00 PM


နိုင်ငံတကာ တွင် အကြွေးဝယ်ခွင့် ကတ်ပြား ( Credit Card ) ကို လုပ်ငန်းရှိသူ နှင့် ဘဏ်ငွေစာရင်း ဖွင့်လှစ်ထား သူများကို ကိုင်ဆောင် ခွင့်ပြု ပါသည်။ အကြွေးဝယ်ခွင့် ကတ်ပြား ဆိုသည့်အတိုင်း အဆိုပါ ကတ်ပြား ထုတ်ပေး ထားသော ဘဏ်၏ ငွေစာရင်းမှ အသုံးပြု နေခြင်းဖြစ်ပြီး လကုန်တိုင်း မိမိ၏ ငွေစာရင်းမှ ပြန်လည် ပေးချေ ရပါသည်။ ပေးချေသည် ဆိုရာ၌ မိမိသုံးစွဲ ခဲ့သော ငွေပမာဏ သည် မိမိ၏ ဘဏ်ငွေစာရင်း တွင်ရှိသော ပမာဏထက် များနေ ခဲ့လျှင် ဘဏ်သို့ ပေးချေရန် အကြွေးတင် ရှိမည်ဖြစ်ပြီး အဆိုပါ အကြွေးကို နောက်လ များတွင် ပေးဆပ် သွားနိုင်ကာ တင်ရှိနေသော အကြွေး အတွက် ဘဏ်က မများလှသော အတိုးနှုန်းကို ကောက်ခံလေ့ ရှိပါသည်။

၁၉၅၈ ခုနှစ် စက်တင်ဘာလ တွင် အမေရိကန် ဗဟိုဘဏ် က Bank American Card ကို စတင် ထုတ်ပေးခဲ့ပြီး ကမ္ဘာ့ ပထမဦးဆုံး အကြွေးဝယ်ခွင့် ကတ်ပြားအဖြစ် စတင် သုံးစွဲခဲ့သည်။ ယခုအခါ Visa, Master, American Express, Discover It တို့မှာ ကမ္ဘာပေါ်တွင် လူသုံး အများဆုံး အကြွေးဝယ်ခွင့် ကတ်ပြားများ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု တစ်ခုတည်းတွင် အကြွေးဝယ်ခွင့် ကတ်ပြား အသုံးပြုသူ ဦးရေမှာ ၂ဝ၁၂ ခုနှစ် ကိန်း ဂဏန်းများ အရ ၁၅၆ ဒသမ ၅ သန်းကျော် ရှိပါသည်။

နှစ်ပေါင်း (၅၅)နှစ်ကျော် အဆင်ပြေ လုံခြုံစွာ အသုံးပြု ခဲ့ကြသော အကြွေးဝယ်ခွင့် ကတ်ပြားများမှာ ယခုအခါ အင်တာနက်ကို အသုံးပြုကာ ပြစ်မှု ကျူးလွန်လေ့ ရှိသော ဟတ်ကာများ ၊ ဆိုက်ဘာသူခိုး များ၏ ထိုးနှက်ချက်ကို အလူးအလဲ ခံနေရပြီး အကြွေးဝယ်ခွင့် ကတ်ပြား၏ လုံခြုံရေး နံပါတ်များ အခိုးခံရကာ မိမိငွေကို မိမိက မထုတ်ဘဲ အဆိုပါ မသမာ သူများက ထုတ်ယူ သွားသည်ကို ခံရသောကြောင့် အချို့ကလည်း အကြွေးဝယ်ခွင့် ကတ်ပြား အသုံးပြုမှုကို ရပ်ထား လိုက်ကြပြီ ဖြစ်ကာ ကျန်ရှိနေသူ များလည်း ရင်တထိတ်ထိတ် ဖြစ်နေ ရပေသည်။

အမေရိကန် အများစု အတွက် အကြွေးဝယ်ခွင့် ကတ်ပြား အသုံးမပြုဘဲ နေ့တစ်နေ့ကို ဖြတ်သန်းရန် မှာ မဟာ ပြဿနာ တစ်ခုဖြစ်နေ တတ်သည်။ နိစ္စဓူဝ ဈေးဝယ်ခြင်း ၊ စားသောက်ဆိုင် များတွင် ကျသင့်ငွေ ပေးချေခြင်း ၊ လေယာဉ် လက်မှတ် ဝယ်ယူခြင်း တို့ကို အကြွေးဝယ်ခွင့် ကတ်ပြားဖြင့် လုပ်ဆောင် နေကြရာ ယခုမှ ငွေကြေးကို လက်ဖြင့် ကိုင်တွယ် အသုံးပြုရန်မှာ အလွန် တရာပင် အဆင်မပြေ သည့် ကိစ္စတစ်ခု ဖြစ်နေပေသည်။ သို့သော်လည်း အကြွေးဝယ်ခွင့် ကတ်ပြား၏ လုံခြုံမှုကို သက်ဆိုင်ရာ ဘဏ်က တာဝန်မယူ နိုင်တော့ သဖြင့် ငွေကြေးကို ကိုင်တွယ် သုံးစွဲရန် ပြန်လည် လေ့ကျင့် ရတော့မည်ပင်။

သို့ဆိုလျှင် အမေရိကန် အစိုးရ က ပြည်သူလူထု ကြုံတွေ့ နေရသော အခက်အခဲအား မည်ကဲ့သို့ ကူညီဖြေရှင်း ပေးမည်နည်း။ အခြေအနေ သည် ထင်သလောက် မဆိုးရွား လှပါ။ အမေရိကန် ၁၇ သန်း ခန့်သည် ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ထား ခြင်းမရှိပေ။ ထိုသူတို့တွင် အကြွေးဝယ်ခွင့် ကတ်ပြားလည်း မရှိပေ။ ၄င်းတို့သည် ဝင်ငွေ နည်းပါးသော မိသားစုဝင်များ ဖြစ်ကြပြီး ဘဏ်ငွေ စာရင်း ဖွင့်ရလောက်သည့် ငွေကြေး ချောင်လည်မှု မရှိကြောင်း တွေ့ရသည်။

ထို့ပြင် လူလတ်တန်းစား အများစု ကလည်း အကြွေးဝယ်ခွင့် ကတ်ပြားကို လေယာဉ် လတ်မှတ် ဝယ်ယူရန် ၊ အင်တာနက် ပေါ်မှ ပစ္စည်းဝယ်ယူ ရန်သာ အသုံးပြုလေ့ ရှိပြီး နေ့စဉ်ဘဝ တွင် ငွေကြေး ကိုင်တွယ် သုံးစွဲလေ့ ရှိသောကြောင့် အကြွေးဝယ်ခွင့် ကတ်ပြားကို စွန့်လွှတ်ရန်မှာ အခက်ကြီး မဟုတ်သည် ကို တွေ့ရသည်။

ငွေကြေး ကိုင်တွယ် သုံးစွဲခြင်း အားဖြင့် လူတွေနဲ့ ပိုပြီး ထိတွေ့ခွင့် ရပါတယ်။ အိမ်ခန်းထဲမှာ နေပြီး အွန်လိုင်းပေါ်က ပစ္စည်း မှာယူတာထက် စူပါမားကတ်ကို လမ်းလျှောက် သွားပြီး ကိုယ်တိုင် ဈေးဝယ်လိုက် တာက ကျန်းမာရေး အတွက် လမ်းလျှောက်ဖြစ် သလို မိတ်ဆွေသစ် တွေလည်း တိုးပြီး စိတ်ကြိုက် လည်းရွေးလို့ရတာ ပေါ့ဟု လွန်ခဲ့သည့် ခြောက်နှစ် လုံးလုံး အကြွေးဝယ်ခွင့် ကတ်ပြား အသုံးပြုခြင်း မရှိခဲ့သော ကျောင်းဆရာ တစ်ဦးဖြစ်သူ  Rohrbaugh က ပြောပြသည်။

ဖော်ပြပါ ကိန်းဂဏန်းများ နှင့် အချက်အလက် များအရ အမေရိကန် နိုင်ငံသူ ၊ နိုင်ငံသား များသည် အကြွေးဝယ်ခွင့် ကတ်ပြား ကင်းမဲ့သော နေ့ရက်များကို ရင်ဆိုင်ရန် အသင့်ရှိ နေကြသည်။ အကြွေးဝယ်ခွင့် ကတ်ပြားကို အသုံးပြုကာ မိမိ၏ လစဉ်ဝင်ငွေ ထက် များစွာ မြင့်မားသော ဝယ်ယူမှုများကို ပြုလုပ် ကြသောကြောင့် အမေရိကန် ပြည်ထောင်စု တွင် လူအများမှာ အကြွေးထဲ နစ်နေခြင်း ဖြစ်သည်ကို တွေ့ရသည်။

သို့သော် တစ်ဖက် တစ်လမ်းမှ ပြန်လည် ကြည့်ရှု သုံးသပ်မည် ဆိုလျှင် အကြွေးဝယ်ခွင့် ကတ်ပြား အသုံးမပြု သည်နှင့် တစ်ပြိုင်နက် အိမ်ရှင်မပေါင်း သန်းနှင့်ချီ၍ ကားကို ကိုယ်တိုင် မောင်းနှင်ကာ ဈေးဝယ်ရန်သွား ရပေမည်။ ဤတွင် ဖြစ်ပေါ် လာမည့် ယာဉ်ကြော ပိတ်ဆို့မှု ၊ ကားပါကင် ပြဿနာ ၊ လောင်စာဆီ ကုန်ခန်းသည့် ပြဿနာ တို့မှာ မိနစ်နှင့် အမျှ ခေါင်းခဲစရာ ဖြစ်လာ ပေလိမ့်မည်။

ယခင်က ဒစ်ဂျစ်တယ် ငွေကြေး စနစ်ကို အသုံးပြု နေရာမှ စက္ကူငွေကြေး စနစ်သို့ ခေတ်နောက်ပြန် ဆွဲလိုက်သော အခါ ဘဏ်များမှ ငွေထုတ်ယူမှု နှုန်း ရုတ်ခြည်း တက်သွားနိုင်ပြီး ဘဏ်လုပ်ငန်းကြီး တစ်ခုလုံး အကြပ်ရိုက် သွားနိုင် ပေသည်။ ထို့ပြင် အကြွေးဝယ်ခွင့် ကတ်ပြား ကုမ္ပဏီများမှ ဝန်ထမ်း အများစုမှာ လည်း အလုပ်လက်မဲ့ ဖြစ်သွားမည့် ပြဿနာများ ရှိနေပေမည်။

ထို့ကြောင့် အကြွေးဝယ်ခွင့် ကတ်ပြား ကင်းမဲ့သော ကာလကို နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့ များက အဖြစ်မခံ နိုင်ကြဘဲ အွန်လိုင်း လုံခြုံရေး စနစ်ကို တိုးမြှင့် လုပ်ဆောင် နိုင်ရန် ကြိုးပမ်း ဆောင်ရွက် နေပါသည်။ သို့သော်လည်း အမေရိကန် သမ္မတ အိုဘားမား ၏ ကျန်းမာရေး စောင့်ရှောက်မှု အင်တာနက် စာမျက်နှာ ပင် ဟတ်ကာများ၏ အတိုက်ခိုက် ခံနေရချိန် ၊ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ ( NSA ) က ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များ ၊ ပြည်သူ ပြည်သားများ၏ ဖုန်းခေါ်ဆို မှုများ ၊ ဖုန်း မက်ဆေ့ပို့ခြင်း များကို ကြားဖြတ် ဖမ်းယူ နေချိန်တွင် အကြွေးဝယ်ခွင့် ကတ်ပြားများ၏ လုံခြုံရေး ကို ဆောင်ရွက်ရန်မှာ လွယ်မယောင် နှင့် ခက်နေမည် ဖြစ်သည်ကို ရေးသား တင်ပြ လိုက်ပါသည်။ (TMK)
မြ၀တီ