မောင်တောတွင် ကျေးရွာအချို့လုံခြုံရေး တိုးမြှင့်ရန် လိုအပ်ဟုဆို

ပို့စ်တင်ချိန် - 1/20/2014 06:06:00 PM


မောင်တော၊ ဇန်န၀ါရီ ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံခဲ့ရသည့် ဒုချီးရား တန်းကျေးရွာအနီးမှ ရခိုင်တိုင်းရင်းသား ကျေးရွာများ လုံခြုံရေး အားနည်းမှုအပေါ် ဒေသခံများ စိုးရိမ်နေကြသဖြင့် လုံခြုံရေး အပြည့်အဝ ချပေးရန် လိုအပ်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

ဒုချီးရားတန်း ကျေးရွာအနီး ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ကင်းချောင်း၊ ခရေမြိုင်၊ ရွှေရင်အေး စသည့် ရခိုင်တိုင်းရင်းသား ကျေးရွာတို့မှ အမျိုးသမီးများနှင့် ကလေးငယ်များသည် ယင်းနေရာတွင် မနေဝံ့သဖြင့် လုံခြုံရေး အားကောင်းသည့် မောင်တောမြို့နယ် လေးမိုင်ကျေးရွာသို့ ပြောင်းရွှေ့ လိုက်ပြီ ဖြစ်ကြောင်း ရွှေရင်အေး ကျေးရွာမှ ဦးစောသိန်းလှက ပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာအနီးတွင် လုံခြုံရေး တင်းကျပ်ထားသော်လည်း ရခိုင်တိုင်းရင်းသား ကျေးရွာများတွင် လုံခြုံရေး အားနည်းနေကြောင်း၊ ကျေးရွာများမှ အရွယ်ကောင်းသည့် အမျိုးသားများမှာ ကင်းစောင့်နေရကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကျေးရွာများသည် ၂၀၁၂ ခု သြဂုတ်လက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အကြမ်းဖက် မီးရှို့ခံခဲ့ရသဖြင့် အလားတူ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း၊ လုံခြုံရေးအင်အား အပြည့်အဝ ချထားပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ရွှေရင်အေးကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏သားဖြစ်သူတို့ မောင်တောမြို့သို့ ဟင်းသီး၊ ဟင်းရွက်ရောင်းရန် သွားရာတွင် ဘင်္ဂါလီအချို့က တုတ်၊ ဓားများဖြင့် ဝိုင်းဝန်းခြင်း ခံခဲ့ရပြီး ဗလီဆရာဟု ယူဆရသူ တစ်ဦးက ဝင်ရောက် ဟန့်တား၍ အသတ်မခံခဲ့ရကြောင်း ကာယကံရှင်ဖြစ်သူ ဒေါ်မချမ်းက ပြောကြားသည်။

မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင်ငါးဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဆယ်ဦးမှူးနှစ်ဦး ပါဝင်သည့် အဆိုပါ လုံခြုံရေးအဖွဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘင်္ဂါလီများ နေထိုင်သည့် ဒုချီးရားတန်းကျေးရွာ ရောက်ရှိရာတွင် ဘင်္ဂါလီများ၏ တိုက်ခိုက်ကိုမှု ခံရသဖြင့် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်းကိုင်ဆောင်သည့် အမ် ၂၂ မောင်းပြန် သေနတ်တစ်လက် ပျောက်ဆုံးနေပြီး ငါးရက်ကျော်ကြာအထိ ရှာဖွေမတွေ့သေးကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လူပေါင်း ၈၀ ကျော်ကို စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

(ခင်မောင်အေး)
The Voice Weekly Myanmar