ဆီးရီးယားအတိုက်အခံများ အာဆတ်အား ဖြုတ်ချရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်

ပို့စ်တင်ချိန် - 1/20/2014 12:00:00 AM


ဇန်နဝါရီ ၁၉။

အစ္စတန်ဘူလ် – ဆီးရီးယား၏ နက်ရှိုင်းစွာကွဲပြားနေသော အတိုက်အခံများသည် နိုင်ငံတကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် စနေနေ့က သဘောတူညီခဲ့ကြသည်။ ဒမတ်စကတ်မှ အလျှော့ပေးမှုများကို ကမ်းလှမ်းပြီး နောက်တစ်နေ့ တွင် သမ္မတဘာရှားလ်အယ်အာဆတ်အား ဖယ်ရှားရန်အတွက် သဘောတူညီခဲ့ကြသည်ဟု ဆိုသည်။

၂၀၁၁ မတ်လမှ စတင်ပြီး လူပေါင်း ၁၃၀၀၀၀ ကျော်သေဆုံးပြီး လူသန်းပေါင်းများစွာ အိမ်မဲ့ယာမဲ့ ဖြစ်စေသည့် ပဋိပက္ခများကို အဖြေရှာရန် ကျင်းပမည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ကွဲပြားခြားနားလျက်ရှိသည့် မဟာမိတ်အဖွဲ့သည် နိုင်ငံတကာ၏ ကြီးမားသော ဖိအားဒဏ်ကို ခံရလျက်ရှိသည်။

ဒမတ်စကတ်မှ တက်ရောက်မည်ဟု ပြောကြားထားသော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီမှ အာရုံလွှဲပြောင်းသည့် ပရိယာယ်သာဖြစ်ပြီး မည်သူမျှ ယုံကြည်မည် မဟုတ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် စတင်မည့် ဒုတိယမြောက် ဂျီနီဗာဆွေးနွေးပွဲဟု ခေါ်ဆိုကြသည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် အစ္စတန်ဘူလ်တွင် ပြုလုပ်သော အစည်းအဝေး၌ ထောက်ခံမဲ ၅၈ မဲ၊ ကန့်ကွက်မဲ ၁၄ မဲ၊ ကြားနေ ၂ မဲ နှင့် ဗလာမဲတစ်မဲတို့ ဖြင့် ဆုံးဖြတ်ခဲ့ကြသည်။ အတိုက်အခံအုပ်စုပေါင်း ၁၂၀ ခန့်ရှိသည်အနက်မှ ၇၅ ဖွဲ့သာ မဲပေးကြသည့်အဓိပ္ပာယ်မှာ ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲမှုများကြား လျှို့ဝှက်စွာ မဲပေးခဲ့ကြခြင်းဖြစ်သည်။

Umbrella အဖွဲ့မှ ခေါင်းဆောင် အာမက်ဂျာဘာက အာဆတ်အားဖြုတ်ချရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့်သာ သွားရောက်မည် ဖြစ်ကြောင်းပြောဆိုခဲ့သည်။ ဒုတိယမြောက်ဂျီနီဗာ ဆွေးနွေးပွဲဟာ တော်လှန်ရေးရဲ့ မျှော်မှန်းချက်များ ရရှိရန် သအာဆတ် ကို ဖယ်ရှားရန်အတွက် ရည်ရွယ်ထားတဲ့ တစ်လမ်းသွားပဲ ဖြစ်သွားသည်။

အနောက်အင်အားကြီးနိုင်ငံများမှ အတိုက်အခံများ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပြီး ကယ်ရီမှ “ဘာရှားအယ်လ်အာဆတ် ၏လူမဆန်စွာ အုပ်ချုပ်မှုအောက်တွင် ခံစားခဲ့ကြရသည့် အားလုံးသော ဆီးရီးယားပြည်သူတွေရဲ့ အကျိုးကျေးဇူးများအတွက်” ဟုပြောဆိုခဲ့သည်။

“ခက်ခဲသည့် ဆုံးဖြတ်ချက်” ကိုချမှတ်နိုင်ခဲ့သည့်အတွက် အတိုက်အခံများကို  ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလျမ်ဟေးဂ်မှ ချီးကျူးခဲ့သည်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဖရန်ခ်ဝေါ်လ်တာစတိန်းမီယာမှလည်း ၎င်းဆုံးဖြတ်ချက်ဟာ ဆီးရီးယားပြည်သူ တွေအတွက် မျှော်လင့်ချက်ရောင်ခြည်၊ ပြင်သစ်မှ အဆင့်တူ လောရင့်ဖာဘီးယက်စ် မှ ရဲရင့်သော ရွေးချယ်မှုဟု ပြောဆိုခဲ့ကြသည်။ နိုင်ငံပေါင်း ၃၅ နိုင်ငံကျော်သည် ဆွစ်မြို့နှစ်မြို့ မွန့်ထရက်နှင့် ဂျီနီဗာတွင် ဗုဒ္ဓဟူးနေ့မှ စတင်ပြီး နိုင်ငံကို ဦးဆောင်နိုင်မည့် အကူးအပြောင်းကာလ အစိုးရကို ဖွဲ့စည်းရန် ဆွေးနွေးကြမည်ဖြစ်သည်။

အဖွဲ့အစည်းအမြောက်အမြား ပေါင်းစည်းထားသည့် မဟာမိတ်အဖွဲ့သည် ပြည်တွင်းစစ်အတွင်း ပေါင်းစည်းနိုင်ရန် ကြိုးစားမှု၊ ခေါင်းဆောင်နေရာအတွက် တိုက်ခိုက်ခြင်းများ၊ ပြည်ပြေးအစိုးရ ဖွဲ့စည်းနိုင်ရန် အားထုတ်မှုများမှ ကြာမြင့်စွာ ရုန်းကန်ခဲ့ရသည်။ များစွာသော အဖွဲ့ဝင်များမှာ ၎င်းတို့ မုန်းတီးပြီး သုံးနှစ်လုံးလုံး ဖြုတ်ချရန်ကြိုးစားခဲ့သည့် အစိုးရမှ ကိုယ်စားလှယ်များနှင့် တစ်စားပွဲတည်းထိုင်ဆွေးနွေးရန်ကို စိတ်ပျက်နေကြသည်။

အံအားသင့်စရာလှုပ်ရှားမှုအဖြစ် သောကြာနေ့က မော်စကိုတွင် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝလစ်မူလမ်နှင့် အဆင့်တူ ရုရှားမှ ဆာဂီးလာရော့ဘ် တို့မှ မြောက်ပိုင်းမြို့တော် အလက်ပိုတွင် စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုအားလုံးရပ်တန့်စေမည့် လုံခြုံရေးအစီအစဉ်ကို တင်ပြခဲ့ကြသည်။

မူလမ်မှ ပဍိပက္ခစတင်ဖြစ်ပွားပြီး နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အစုလိုက်၊ အပြုံလိုက် အကျဉ်းသား လဲလှယ်ရန်  ၎င်းတို့အနေဖြင့် ဆန္ဒရှိကြောင်းကိုလည်း ပြောကြားသွားသည်။ လာရော့ဘ်မှ ဒမတ်စက်အနေဖြင့် ထောက်ပံကူညီမှု ပို့ဆောင်ရေးကို မြှင့်တင်ရန် လူသားချင်းစာနာထောက်ထားမှု အစီအစဉ်များကို ဖော်ဆောင်သွားရန် အသင့်ရှိကြောင်း ဆိုသည်။

ဆေးဝါးကုသခြင်း ကင်းမဲ့မှုနှင့် ငတ်မွတ်ခြင်းတို့ကြောင်း လူပေါင်းရာနီးနီး သေဆုံးခဲ့ကြသည်ဟု သတင်းပေးပို့ထားသော ဒမတ်စကတ်ရှိ စစ်တပ်ဖြင့် ဝိုင်းထားသော ရာမွတ်ပါလက်စတိုင်နီးယန်း ဒုက္ခသည်စခန်းသို့ စနေနေ့တွင် အစားအသောက် အထောက်အပံများ ရောက်ရှိလာခဲ့သည်။

မူလမ်မှ ဆီးရီးယားပြည်သူတွေရဲ့ဆန္ဒတွေ ဖြစ်မြောက်စေဖို့အတွက် သမ္မတ ဘာရှားအယ်အာဆတ်ရဲ့ အမိန့်အတိုင်း ဒုတိယမြောက် ဂျီနီဗာဆွေးနွေးပွဲကို အောင်မြင်အောင် အစွမ်းကုန် ကြိုးစားအားထုတ်သွားမှာပါဟု ပြောကြားခဲ့သည်။

မူလမ်မှ ဂျီနီဗာတွင် ဆီးရီးယားရှိအစွန်းရောက်ဝါဒသမားများကို ဖယ်ရှားတော့မည်ဟု ကုလသမဂ္ဂသို့ စာပေးပို့ခဲ့ပြီးနောက် ကယ်ရီမှ အစိုးရသစ်ဖွဲ့စည်းရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ ရည်မှန်းချက်ကို လမ်းမလွှဲနိုင်ကြောင်း ပြောဆိုသွားသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပြင်ဆင်နေစဉ် စနေနေ့တွင်ပင် ဆီးရီးယားအစိုးရ၏ စစ်လေယာဉ်များသည် အလက်ပိုမြို့အား တိုက်ခိုက်သွားကြရာ လူ ၃၄ ဦးသေဆုံးပြီး ကလေးသူငယ် ၅ ဦးပါဝင်ကြောင်း ဆီးရီးယန်း လူ့အခွင့်အရေး စောင့်ကြည်မှုအဖွဲ့မှ ပြောဆိုခဲ့သည်။

REF: AFP
The Myanma Age