အိုင်စီတီနှင့် သက်ဆိုင်သည့် လုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုနှင့် Telenor ပူးပေါင်းလုပ်ကိုင်မည်

ပို့စ်တင်ချိန် - 1/20/2014 07:50:00 PM


အတွဲ (၁၅)၊ အမှတ် (၄)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Telenor က ၎င်းတို့၏ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများကို အိန္ဒိယနိုင်ငံ၏ Wipro Limited နှင့် ပူးပေါင်းဆောင်ရွက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းရပ်များအတွက် အကြံပေးလုပ်ငန်းနှင့် Outsourcing လုပ်ငန်းများကိုလုပ်ကိုင်သည့် Wipro ကုမ္ပဏီနှင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအတွင်းက နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာကို ရေးထိုးထားခဲ့ခြင်းဖြစ်ကြောင်း Telenor ၏ တာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ ပြောကြားသည်။

ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေးကဏ္ဍတွင် မကြာမီလပိုင်းအတွင်း လုပ်ငန်းများ စတင်လည်ပတ်တော့မည့် Telenor ကုမ္ပဏီနှင့် Wipro ဆက်သွယ်ရေးကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများမှာ အဆင့်မြင့် တယ်လီဖုန်းကွန်ရက်များကို တည်ဆာက်ခြင်း၊ နည်းပညာဆိုင်ရာ လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။ Telenor အနေဖြင့် ၎င်းတို့ လုပ်ငန်းစတင်လည်ပတ်မည့် အချိန်မှ ငါးနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်း မိုဘိုင်းဖုန်း အသုံးပြုနိုင်ရန်အတွက် ယခုကဲ့သို့ Wipro အပါအဝင် အခြားသော နည်းပညာကုမ္ပဏီများနှင့် နားလည်မှုစာချွန်လွှာရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေရခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

“မိုဘိုင်းကွန်ရက် တည်ဆောက်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ မြန်မာကုမ္ပဏီအချို့နဲ့လည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်သလို၊ Wipro လိုနိုင်ငံခြား နည်းပညာကုမ္ပဏီတွေနဲ့လည်း အိုင်တီပိုင်းကဏ္ဍတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ လိုပါတယ်။ အခုလိုမျိုး ကျွန်တော်တို့လိုပဲ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပိုပြီးတိုးတက်ကောင်းမွန်လာဖို့နဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကိုလည်း ပိုပြီးတိုးချဲ့လိုခြင်းပဲ ဖြစ်ပါတယ်” ဟု Telenor ၏ မြန်မာပြည်ဆိုင်ရာ ရုံးချုပ်မှ အမှုဆောင်အရာရှိချုပ်က ပြောသည်။

မကြာမီအချိန်အတွင်း လုပ်ငန်းများ စတင်လုပ်ကိုင်တော့မည့် Telenor သည် Wipro Limited အပြင် တရုတ်နိုင်ငံရှိ Huawei Co.,Ltd နှင့်  Erisson မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့်လည်း နည်းပညာလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် သဘောတူစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ပြီး လုပ်ငန်းစသည်နှင့် အဆိုပါ ပူးတွဲကုမ္ပဏီများနှင့် စတင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယုဇနကိုကို
Internet Journal