မိုးမမှန်သဖြင့် ပုဂံ မြေပဲတောင်သူများ အရှုံးပေါ်

ပို့စ်တင်ချိန် - 1/20/2014 11:30:00 PM


မြေပဲစိုက် တောင်သူတဦး
မိုးမမှန်လို့ မြေပဲ အထွက်နှုန်း ပုံမှန်အနေအထားအောက်လျော့ခဲ့တဲ့ အတွက် ဒီနှစ်မှာ အရှုံး ပေါ်နိုင်တယ်လို့ ပုဂံ အနီးတ၀ိုက်က တောင်သူတွေက ပြောပါတယ်။

ပုဂံအနီးနားက တွင်းသင်း၊ ဇီးအိုရွာတွေမှာ မိုးလေ၀သ မမှန်တာကြောင့် ရိတ်သိမ်းချိန်မှာ မြေပဲအထွက်နှုန်း လျော့ခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

အရင်နှစ်က ၁ တင်းကို ၈ ထောင်ဈေးပေါက်ခဲ့ပေမယ့် အခုချိန်မှာတော့ ၇ ထောင်သာ ပေါက်နေအတွက် အခက်အခဲ ဖြစ်ရသလို ဒီနှစ်မှာတော့ အရင်းကို ကာမိအောင် မနည်းလုပ်ဆောင်ရမယ်လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

“ဒီနှစ်က သိပ်မထွက်ဘူး။ မိုးမကောင်းဘူး။ မိုးလယ်က မကောင်းဘူး။ သူက အသီးအနှံတွေ ပွင့်တဲ့အချိန် မိုးမရရင် ဒီအညှောင့်တွေက မအောင်ဘူး။ အဲဒါကြောင့် မြေပဲတွေက အကုန်တာ။ မြေပဲဆန်သက်သက် ၀ယ်ရင် ၁ တင်းကို သုံးသောင်းကျော်လောက် ကျတယ်။ တော်တော်ကျတယ်။ ကိုယ့်လှည်းပိုင်၊ နွားပိုင်မရှိရင် ငှားရသေးတယ်။ စိုက်တဲ့သူတွေကို ငှားရသေးတာနဲ့ မကိုက်ဘူး။”

မိသားစုအပြင် တခြား အလုပ်သမားတချို့ကို ဌားရလို့ အရင်းက ကြီးမြင့် သလို မိုးမမှန်တဲ့အတွက် မြေပဲဥရာမှာ အစေ့အနေအထားက ပုံမှန်မဟုတ်တဲ့အတွက် ရောင်းချရင် ဈေးကောင်းမရနိုင်ဘူးလို့ ဆိုပါတယ်။

လက်ရှိ မြေပဲဆန် ပေါက်ဈေးက တပိဿာကို ၁၄၀၀ ရှိနေပြီး ရွာအထိ လာရောက်ဝယ်ယူသူတွေ ရှိနေတယ်လို့ သူက ရှင်းပြပါတယ်။

ဒီအနီးနားက ရွာတွေမှာ မြေပဲ၊ နှမ်းတို့ကို အဓိက စိုက်ပျိုးကြသလို အနီးနားလူတွေက နေ့စားလိုက်တာ၊ ထန်းတက်တဲ့ အလုပ်တွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြရတာလည်း ဖြစ်ပါတယ်။
DVB Burmese