မြင်သမျှ ကြားသမျှ .... (အကြည်တော်)

ပို့စ်တင်ချိန် - 3/29/2014 08:47:00 PM


မထော်မနန်း

ရပ်ကွက်မှာဖြစ်တဲ့ အဖြစ်ကလေး ကရယ်လည်းရယ်ရသလို ဘယ် လိုပြောရမှန်းမသိအောင် ကကျိုးကကြောင်နိုင်လှတဲ့အဖြစ်ပါ။ အားလုံးသိကြပါတယ်။ ၁၅ဝဝ တန် တယ်လီဖုန်းဆိုတာ ရပ်ကွက်ထဲမှာ မဲနှိုက်ယူနေကြရတုန်းပါပဲ။ ဘယ်အချိန်မှာ၊ အချိန်ဘယ်လောက် ကြာရင် တယ်လီဖုန်းကို ပေါပေါများ များ ပေးမယ်ဆိုတာလည်း လူတွေမေ့ ကုန်ပါပြီ။ (ကျွန်တော်တို့လူမျိုးက မေ့ တတ်တဲ့အမျိုး)။ ထားပါတော့။ ထုံးစံအတိုင်း တယ်လီဖုန်းကိုမဲ နှိုက်ကြတော့ မဲပေါက်တဲ့သူက ပေါက် ကြတာပေါ့။
တယ်လီဖုန်းမဲပေါက်လို့ လာထုတ်တဲ့အခါမှ …

”ဒါ မရဘူး။ ဒီအိမ်ထောင်စု စာရင်းက အကျုံးမဝင်ဘူး။ သိတဲ့အတိုင်း အဲဒီအိမ်ထောင်စုစာရင်းက မဲပေးတုန်းက ထုတ်ထားတဲ့ အိမ်ထောင်စုစာရင်း..” ဒါနဲ့ တယ်လီဖုန်းမဲပေါက်တဲ့သူက ဒေါသထွက်ပြီး

”ဟေ့ကောင် မင်းတို့ပါတီကိုမဲ ပေးတုန်းက ငါဒီအိမ်ထောင်စုစာရင်းနဲ့ပဲ မဲပေးခဲ့တာ။ သူများတွေ အယုံအကြည်မရှိတာတောင် ငါက ရဲရဲတင်းတင်းနဲ့ ဟော ဒီအိမ်ထောင် စုစာရင်းကို ကိုင်ပြီး မင်းတို့ကိုမဲပေးခဲ့တာ။ အေး ဟောဒီအိမ်ထောင်စုစာရင်းနဲ့ပေးခဲ့တဲ့ မဲတွေနဲ့ မင်းတို့နေရာရပြီးမှ အခုပြန်ပေးတဲ့ အခါကျမှ ဒါက တရားမဝင်ဘူးဆိုရင် ရှင်းရှင်းလေးပဲ နောက်တစ်ခါ ဒါမျိုး ထပ်လုပ်မင်းတို့ကိုဘယ်သူမှမဲပေးမှာ မဟုတ်ဘူး။ မှတ်ထား"

ဒါပါပဲ။ ကောက်ပြန်ပြီ သန်းခေါင်စာရင်း။

► သေပြီး ပြန်ရှင်တတ်လား

အခုတလော တီဗီတွေမှာရော သတင်းစာတွေမှာပါ ပလူ ပျံနေအောင် တွေ့ရပါတယ်။ ဒီမြင်ကွင်းကို အရင်ကလည်း အလားတူတွေ့ဖူးပါတယ်။ မြန်မာပြည်ကြီး နာဂစ် ဒဏ်ခံရပြီး ဒုက္ခ ရောက်နေတဲ့အချိန်မှာ တီဗီကနေပြီး

”မင်း ဆယ့်ရှစ်နှစ်ပြည့်ပြီလား” ဆိုတဲ့သီချင်းကိုပါ။

အခုလည်း သန်းခေါင်စာရင်းတွေ ကောက်ပြန်ပါပြီ။ ဒါဟာ မှတ်ပုံတင်နဲ့ လည်း မဆိုင်ဘူး။ အိမ်ထောင်စုစာရင်းနဲ့လည်း မဆိုင်ဘူးလို့လည်း ကြားရပါတယ်။ အဓိကကတော့ လူဦးရေစာရင်းကိုပဲ အဓိကစစ်တမ်းကောက် တယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ မရှင်းတာလေးတွေလည်း သိချင်ပါတယ်။ အချို့ဒေသကြီးတွေနဲ့ နယ်စပ်မြို့တွေမှာ မြန်မာနိုင်ငံသားမဟုတ်တဲ့ အခြားလူမျိုးခြားတွေ ဟာ နိုင်ငံ သားမှတ်ပုံ တင်ကတ်နဲ့ နေထိုင်နေတာကိုတွေ့ရပါတယ်။

တချို့မြို့ကြီးမှာ နေထိုင်နေတဲ့ လူမျိုးခြားတွေဆိုရင် မြန်မာစ ကားတောင် ကောင်းမွန်စွာ မတတ်ကျွမ်း ပါပဲမြန်မာနိုင်ငံ သား မှတ်ပုံတင်ကတ်ကို ကိုင်ဆောင်ပြီး ခပ်တည်တည်နေ ထိုင်နေ တာ တွေ့နေရပါတယ်။ မြန်မာစကားသာမတတ်တာပါ။ မှတ်ပုံ တင်ကတ်ပြားမှာတော့ မြန်မာ နာမည်စစ်စစ်ပါပဲ။ ဘာဖြစ်လို့ ဒီလိုဖြစ် နေရတာလဲ။ သူတို့ရဲ့မိဘများ နာမည် ကအစမြန်မာလိုပါပဲ။

နောက်မှ သိရတာက …

ဒီလိုလူမျိုးခြားတွေဟာ ကိုယ့်ဆီ ကသေပြီးသားလူတွေရဲ့ မှတ်ပုံတင်တွေ ကို ပြန်ဝယ်ကိုင်ကြတယ်လို့ ဆိုပါတယ်။ မရှိတော့တဲ့လူတွေရဲ့ မှတ်ပုံတင် ကိုယူပြီး သူတို့ ဓာတ်ပုံကပ်ပြီး မြန်မာနာမည်နဲ့ မြန်မာပြည်မှာ မြန်မာအဖြစ် ခပ်တည်တည်တရားဝင်နေနေကြပါတယ်။ လူသေပြီး နာမည်မသေရုံမက မှတ်ပုံတင်ပါ မသေသေး တဲ့သူတွေ အများကြီးပါ။ (အခုခေတ်ပြောင်းမှာ ရှိ မရှိတော့ မသိတော့ပါဘူး)

ကဲ … လူဦးရေစာရင်း ကောက်ရင် သူတို့ကိုရော မြန်မာနိုင်ငံ သားအဖြစ် ကောက်ကြမှာလား။ ဘယ် လိုဆက်လုပ်ကြမှာလဲ။ စိတ်တော့ဝင်စားစရာပါပဲ။ သေပြီးသားလူတွေ ဆန္ဒမဲပေးတာ မထူးဆန်းပါနဲ့။ သေပြီးသားလူတွေ အကောင်လိုက်ကြီးတွေတောင် ရှိနေတာပဲလေ။

အတိုးအလျော့တွေ ကြမ်းလာပြီလား

မကြာသေးခင်ကပဲ အခွန်ပြစ်ဒဏ်တွေ လျှော့ချပြီး အခွန်တွေ ပြည်သူတွေအပေါ် တိုးကောက်မယ်ဆိုတဲ့သတင်း
ကလည်း ကြက်သီးထစရာတွေပါပဲ။ အခွန်ပြစ်ဒဏ်လျှော့ ချလိုက်တော့ တကယ့်ဒိတ်ဒိတ်ကြဲလူတွေအတွက် ဝမ်းသာစရာ ဖြစ်ခဲ့ပေမယ့် အခွန်တိုးကောက်မယ်ဆိုတဲ့အခါ တကယ့်ပြည်သူ တွေအတွက် ရင်လေးစရာပါပဲ။ ဒီကြားထဲ မီတာခကိုတိုးကောက်မယ်ဆိုတဲ့အခါ အတော်ကလေးကို စိတ် မသက်သာစရာဖြစ်လာပါတယ်။ ဘာ ကြောင့်လဲဆိုတော့ အခုခေတ် အလုပ် အတော်များများဟာ လျှပ်စစ် မီးကို အခြေခံလုပ်ရတာချည်းပါပဲ။ အထည်ချုပ်ပဲဖြစ်ဖြစ်၊ စက်ရုံ၊ အလုပ်ရုံပဲဖြစ်ဖြစ်ပေါ့။

ဒါကြောင့် အလုပ်များများလုပ်ရင် မီတာခများများကျတယ်။ အလုပ်များများ လုပ်တဲ့အတွက်အခွန်အခလည်းများများကျမယ်။ အဲ … ဒါပေမဲ့ တကယ့်အကြီး အကျယ် လုပ် တဲ့ လုပ်ငန်းရှင်တွေအတွက် တော့ မီတာခက လျော့နေပြန်တယ်။ ဒါဆိုရင် ဒါတွေဟာ ဘယ်သူတွေအဓိက ထမ်းပိုးရတော့မှာလဲ။ဒီစနစ်မျိုးက ထမင်းဆိုင်မှာတောင် မရှိပါဘူး။ အခုဟာက …

” အဝစားတစ်ထောင်။ တစ်ခါပြင် ထောင့်ငါးရာ”
စားနိုင်လေ သက်သာလေလားခင်ဗျ။

အလှူပဲခံစားကြတော့မှာလား

နိုင်ငံကပဲဆင်းရဲလို့လား မသိပါဘူး။ ကူညီကယ်ဆယ်အသင်း အဖွဲ့တွေ မနည်းပေါ်လာပါတယ်။ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း၊ မြို့နယ်တိုင်းမှာ ကူညီ ကယ်ဆယ်ရေး အသင်းတွေ မနည်းရှိလာပါတယ်။ တချို့သော အသင်းအဖွဲ့တွေက တကယ်ကိုအားတက်သရော၊ စေတနာရောလူပါ လုပ်နေကြပေမယ့် အချို့ အသင်းအဖွဲ့တွေက ဒုက္ခ သည်တွေ အ ကြောင်းပြပြီး အလှူခံစားနေကြတာကိုလည်း မြင်နေရပါတယ်။

အချို့သော အသင်းအဖွဲ့များဟာဆိုရင် ပြည်တွင်းကသာမက ပြည်ပက အလှူငွေတွေပါရပြီး လူလုံးလှနေတာလည်း မြင်နေရပါတယ်။ တချို့ကလည်း စလုပ်တုန်းက တကယ်စေတနာနဲ့၊ ကြာလာတဲ့အခါမှာ တော့ လှူတဲ့အလှူငွေတွေကိုကြည့်ပြီးတကယ်ဒုက္ခရောက်နေသူတွေဆီ မသွားတော့ဘဲ ကိုယ်တိုင်ပဲဒုက္ခသည် လုပ်ပြီး ခပ်တည် တည်နေလိုက်ကြပါ တော့တယ်။ ဒါကြောင့်ဒုက္ခသည်က တော့ ဒုက္ခသည်လိုပဲဖြစ်နေပြီး၊ ဒုက္ခသည်တွေကတော့ ဒုက္ခမရောက်ဘဲ ငွေကိုဘယ်လိုခွဲအပ်ရမယ်ဆိုတာလည်း ဒုက္ခရောက်နေပါတယ်။ ခေတ်အပြောင်းမှာ ဒုက္ခသည်တွေ ပိုများလာသလို ဒုက္ခသည်တွေ ကောင်း စားတဲ့ခေတ်ဆိုလည်း မှားမယ်မထင်ပါဘူး။

နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်
Popular Myanmar News Journal