မီတာခ တိုးမြှင့်ကောက်ခံမှုကို မန္တလေး၌ ဆန္ဒထုတ်ဖော်သူလေးဦး တရားစွဲဆိုခံရ

ပို့စ်တင်ချိန် - 3/29/2014 07:18:00 PM


မန္တလေး၊ မတ် ၂၈

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ မန္တလေးမြို့တော်တွင် မတ်လ ၂၇ ရက်နေ့ညနေက ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့သော ဦးသိန်းအောင်မြင့် အပါအဝင် လေးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ နည်းဥပဒေပုဒ်မ (၁၈) အရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဦးသိန်းအောင်မြင့်နှင့် ဦးစောလှအောင်တို့ နှစ်ဦးသည် တစ်ပေကျော်ရှိ ဖယောင်းတိုင်များ ကိုင်ဆောင် ထွန်းညှိကာ လူ ၅၀ ဦးခန့်ကို စုဝေးစေခြင်း၊ ၎င်းတို့နှင့် အတူပါလာသော ဦးကျော်မျိုးထွန်း၊ ဒေါ်ခက်ခက်တင် တို့သည် ဖယောင်းတိုင်များ ဖြန့်ဝေပေးခြင်း၊ သဘောထား ထုတ်ပြန်ချက် ခေါင်းစဉ်ပါ လက်ကမ်း စာစောင်များနှင့် လျှပ်စစ် အခကြေးငွေ တိုးမြှင့်ခြင်းနှင့် ပတ်သက်သော သဘောထား ကြေညာချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ ပတ်ဝန်းကျင်ရှိ လူများကို လှုံ့ဆော် အော်ဟစ်ခြင်း စသည်တို့ကို ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်နေသဖြင့် ရဲတပ်ဖွဲ့က ဖြေလျှော့ တားဆီးဆောင်ရွက် ခဲ့သော်လည်း ဆက်လက်စုဝေး ဆန္ဒပြနေသဖြင့် မြို့နယ် စီမံခန့်ခွဲမှု အစည်းအဝေး ဆုံးဖြတ်ချက် အမှတ် ၄/၂၀၁၄ အရ ခွင့်ပြုချက် မရရှိဘဲ စုဝေးခြင်း ပြုလုပ်ခဲ့သူ ဦးသိန်းအောင်မြင့် အပါအဝင် လေးဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ၎င်းကဆိုသည်။

ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် မတ်လ ၂၈ ရက်နေ့က ရုံးတင် စစ်ဆေးရာ ဦးသိန်းအောင်မြင့်နှင့် ဦးစောလှအောင်တို့ နှစ်ဦးသည် အာမခံ မယူဘဲ အမှုရင်ဆိုင်သွားမည် ဖြစ်ကြောင်း ယင်းတရားစွဲဆို ခံရသူများထဲတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် ဒေါ်ခက်ခက်တင်က ပြောကြားသည်။
“ကျွန်မနဲ့ ဦးကျော်မျိုးထွန်းက ဒီနေ့ပဲ အာမခံယူတယ်။ ဒီနေ့ ချမ်းအေးသာစံ မြို့နယ်တရားရုံးမှာ တရားစွဲထားတယ်။ ကျွန်မက အကြမ်းမဖက်နဲ့လို့ပဲ အော်တာကို တရားစွဲဆို ခံရတာပါ” ဟု ဒေါ်ခက်ခက်တင်က ဆိုသည်။

မန္တလေးမြို့တော်တွင် ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က ၂၀၀၇ ခုနှစ် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ဝင် ဦးသိန်းအောင်မြင့်နှင့် ဦးစောလှအောင် တို့သည် လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံခြင်းကို လက်မခံနိုင်ဘဲ ကန့်ကွက်ကြောင်းကို ၇၈ လမ်းနှင့် ၃၃ လမ်းထောင့် ဒိုင်းမွန်း ပလာဇာအနီးတွင် ဆန္ဒထုတ်ဖော်ခဲ့ရာ ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူများနှင့် မြို့နယ်မှူးတို့က တားမြစ် ခဲ့သော်လည်း ဦးသိန်းအောင်မြင့်က နောက်မဆုတ်ဘဲ ဆက်လက်ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းကြောင့် ဖမ်းဆီး ခေါ်ဆောင် ခံခဲ့ရကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

“မနေ့ညက လမ်းမမှာ ရဲတွေကို အများကြီးပဲ။ ဆန္ဒထုတ်ဖော်တဲ့ လူတွေလည်း ခဏပဲ သူတို့ ဆန္ဒထုတ်ဖော်ရတဲ့ အကြောင်းအရင်းကို ကြွေးကြော်လိုက်ရတာ။ ပြီးတော့ ရဲတွေကဖမ်းပြီး ကားပေါ်ဆွဲတင် သွားတာပဲ။ တော်တော်လေးတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားကြတယ်” ဟု အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မျက်မြင် တွေ့လိုက်ရသော ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

The Voice Weekly