ရန်ကုန်မြို့တော်၏ အရှုံးပေါ်နေသည့် အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ စိတ်ဝင်စား

ပို့စ်တင်ချိန် - 3/29/2014 02:25:00 PM



လက်ရှိအရှုံးပေါ်နေသည့် ရန်ကုန်မြို့တော်၏ အမှိုက်သိမ်းလုပ်ငန်းနှင့် သိမ်းဆည်းပြီးသည့် အမှိုက်များကို နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသို့ သယ်ယူစွန့်ပစ်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရန်တင်ဒါများ ခေါ်ယူထားရာ ပြည်တွင်း ပြည်ပလုပ်ငန်းရှင် အများအပြား စိတ်ဝင်စားနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောကြားသည်။

တင်ဒါစတင်ခေါ်ယူချိန်တွင် လာရောက်ဆက်သွယ် လျှောက်ထားရန် ပြင်ဆင်နေသည့် ကုမ္ပဏီစာရင်းကို အတိအကျ မပြောနိုင်သေးသော်လည်း ကုမ္ပဏီအများအပြား စိတ်ဝင်စားနေသည်ဟု ဆိုသည်။

ယင်းသို့တင်ဒါ ခေါ်ယူထားရာတွင် လုပ်ကိုင်လိုသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများ အနေဖြင့် Proposal တင်ပြရာတွင် အများပြည်သူထံမှ မည်သည့်နှုန်းထားဖြင့် အမှိုက်သိမ်းဆည်းခ ပြန်လည်ကောက်ခံမည် ဆိုသည်ကို ထည့်သွင်းတင်ပြ ရမည်ဖြစ်ပြီး နှုန်းထားအပေါ်၌မူတည်၍ ရွေးချယ်လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ပုဂ္ဂလိကအနေနဲ့ တင်ပြလာရင် သူတို့ဘယ်နှုန်းထား အမှိုက်သိမ်းဆည်းခ ကောက်မလဲဆိုတာ ထည့်သွင်းတင်ပြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ စည်ပင်သာယာအနေနဲ့ အမှိုက်သိမ်းလုပ်ငန်းက အရှုံးခံစိုက်ထုတ် လုပ်နေရတယ်။ အဲဒီအတွက် သူတို့လုပ်နိုင်လား မလုပ်နိုင်သလား စဉ်းစားရမှာ ဖြစ်ပါတယ်။ သူတို့စိုက်နိုင်တယ်ဆိုရင် ဘယ်နှုန်းနဲ့ ကောက်မှာလဲ။ ဌာနဘက်က ရွေးချယ်တဲ့အခါမှာလည်း နိုင်ငံတကာ အဆင့်မီဖြစ်လို့ တိုးတက်ဖို့၊ နှုန်းထားတွေအပေါ် မူတည်ရွေးချယ်သွားမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ဆိုသည်။

လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လုပ်ကိုင်နေသော အမှိုက်သိမ်းလုပ်ငန်းမှာ အရှုံးပေါ်နေသည်ဟုပြီး အမှိုက်သိမ်း လုပ်ငန်းအတွက် အသုံးပြုရငွေမှာ ပြန်ရငွေထက် သုံးဆကျော် ပိုမိုများပြားကြောင်း သိရသည်။ သို့ဖြစ်၍ ပုဂ္ဂလိကသို့ လွှဲပြောင်းမည်ဆိုပါက ပုဂ္ဂလိက အနေဖြင့်လည်း အရှုံးခံနိုင်မည် မဟုတ်ရာ လက်ရှိအမှိုက်သိမ်းဆည်းခ နှုန်းထားထက် ပိုမိုကောက်ခံပါက အများပြည်သူ ၀န်ထုပ်ဝန်ပိုးများ ဖြစ်စေနိုင်သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။

သို့သော် တစ်ဖက်တွင်လည်း အမှိုက်သိမ်းလုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းအားဖြင့် နိုင်ငံတကာ အဆင့်မီသော ယခုထက်ပိုမို သပ်ရပ်ကောင်းမွန်သော အမှိုက်သိမ်းစနစ် ပေါ်ပေါက်လာမည်ဟုလည်း သုံးသပ်နေကြသည်။

ရန်ကုန်မြို့တော်တွင် တစ်နေ့အမှိုက်တန် ၁၆၀၀ နီးပါး ထွက်ရှိပြိး ယင်းတို့ကို မြို့နယ်ရပ်ကွက်များ အတွင်းရှိ အမှိုက်ကန်၊ အမှိုက်ပုံးများမှတစ်ဆင့် အမှိုက်ကားများဖြင့် သယ်ယူ၍ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရှိ ထားဝယ်ချောင် အမှိုက်ပုံတို့တွင် သွားရောက် စွန့်ပစ်သည်ဟု သိရသည်။

လက်ရှိ အမှိုက်သိမ်းဆည်းမှု စနစ်တွင် အသုံးပြုနေရသည့် ကားများတွင် ဘဏ္ဍာငွေ အခြေအနေအရ ဟောင်းနွမ်းသည့် ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့် မညီညွတ်တော့သည့် အမှိုက်သိမ်း ကားများကိုလည်း ထည့်သွင်း အသုံးပြုနေရသည်ဟု သိရသည်။



Eleven Media Group