သြစတြေးလျက ရရှိသည့် သဲလွန်စသစ်ကြောင့် မလေးရှားလေယာဉ် ရှာဖွေရေးလုပ်ငန်းများ နေရာပြောင်း

ပို့စ်တင်ချိန် - 3/29/2014 09:32:00 AM


မလေးရှားလေကြောင်းလိုင်း လေယာဉ်ခရီးစဉ် MH370 ပျောက်ဆုံးပြီးနောက် သီတင်းပတ်သုံးပတ်နီးပါး အကြာတွင် လေယာဉ်ရှာဖွေမှု ဧရိယာဗဟိုချက် ပြောင်းလဲသွားပြီဖြစ်သည်။ သြစတြေးလျ အာဏာပိုင်များက ယင်းလေယာဉ်၏ နောက်ဆုံး လှုပ်ရှားမှုများ ဖြစ်ဖွယ်ရှိသော လှုပ်ရှားမှုများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော သဲလွန်စသစ် ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် လေယာဉ်ရှာဖွေရေး အဖွဲ့များသည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း၏ ယခင်ရှာဖွေရေးဧရိယာ မဟုတ်သော အခြားဧရိယာသို့ ပြောင်းလဲရှာဖွေခဲ့ကြောင်း သိရသည်။

ရေဒါအချက်အလက်များအား ဆန်းစစ်လေ့လာမှုကို အခြေခံသော နောက်ဆုံးအချက်အလက်များက မလေးရှားလေယာဉ်သည် ရေဒါမှမပျောက်ဆုံးမီ ယခင်ခန့်မှန်းခဲ့သည့် အရှိန်နှုန်းထက် ပိုမိုလျင်မြန်စွာ ပျံသန်းခဲ့သည်ဟု ညွှန်ပြကြောင်း သြစတြေးလျ အာဏာပိုင်များက ပြောကြားခဲ့သည်။ လေယာဉ်သည် ယခင်တွက်ချက်ခဲ့သည်ထက် လေယာဉ်ဆီ ပိုမိုအသုံးပြုခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းသို့ ပျံသန်းခဲ့ဖွယ် ရှိသောကြောင့် အကွာအဝေးကို တိုသွားစေသည်ဟု ယူဆရကြောင်း သိရသည်။

နောက်ဆုံး အချက်အလက်များအရ ရှာဖွေရေးအဖွဲ့များသည် ယခင်ဧရိယာ၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၁၀၀ (မိုင် ၆၈၀)သို့ ပြောင်းရွှေ့ရှာဖွေနေကြောင်း သြစတြေးလျရေကြောင်း လုံခြုံရေးအာဏာပိုင်အဖွဲ့က မတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရှာဖွေရေး ဧရိယာသစ်သည် သြစတြေးလျတိုက်နှင့် ပိုမိုနီးကပ်သဖြင့် ရှာဖွေရေး လေယာဉ်များကို ပိုမိုကြာကြာ ပျံသန်းခွင့် ရရှိစေသည်။

သြစတြေးလျက ၎င်းတို့ရရှိခဲ့သည့် အချက်အလက် အသစ်များကို “အပျက်အစီးများ တည်ရှိနိုင်သော နေရာနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရဆုံး သဲလွန်စ” ဟု ဖော်ညွှန်းခဲ့သည်။ ယခင်ရှာဖွေရေး ဧရိယာတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂြိုဟ်တုများက ရှာဖွေတွေ့ရှိခဲ့သည့် မလေးရှားလေယာဉ် အပျက်အစီးများ ဖြစ်ဖွယ်ရှိသော အရာဝတ္ထုများသည် ဦးစားပေးသဲလွန်စများ မဟုတ်တော့ဟု ဆိုလိုခြင်းဖြစ်သည်။

“ကျွန်တော်တို့ အရင်နေရာကနေ ပြောင်းရွှေ့ရှာဖွေနေပါပြီ။ အရင်နေရာမှာ ဂြိုဟ်တုတွေက ထောက်လှမ်းတွေ့ရှိ ခဲ့တယ်ဆိုတဲ့ အပျက်အစီးတွေကို ကျွန်တော်တို့ မတွေ့ပါဘူး” ဟု သြစတြေးလျရေကြောင်း အာဏာပိုင်အဖွဲ့ အရေးပေါ် တုံ့ပြန်ရေးဌာန အထွေထွေမန်နေဂျာ ဂျွန်ယန်းက မြို့တော်ကန်ဘာရာတွင် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

Ref: AFP

News Eleven