တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်း ဖြတ်သန်း၍ ကိုင်းမြေပျက်စီးခဲ့ရာ လျော်ကြေးမရသဖြင့် မြေပိုင်ရှင်က CPP ကုမ္ပဏီကို တရားစွဲမည်

ပို့စ်တင်ချိန် - 3/29/2014 05:54:00 PM

(ပွင့်ဖြူမြို့နယ် ရှားတောကျေးရွာအနီး ဧရာဝတီမြစ်ကမ်းပြင်အောက် လွန်ဖောက်နေသည့် အရန်ပိုက်လိုင်း လုပ်ငန်းခွင်အား ဇန်န၀ါရီလဆန်းက တွေ့ရစဉ်)

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်းဖြတ်သန်း၍ ကိုင်းမြေပျက်စီးခဲ့ရာ လျော်ကြေးမရသဖြင့် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ငါးလန္တာကျေးရွာမှကိုင်း မြေပိုင်ရှင် ဦးဝင်းဘိုက ပိုက်လိုင်းတည်ဆောက်ရေး လုပ်ကိုင်နေသည့် CPP ကုမ္ပဏီကို မတ် ၃၀ ရက်တွင် ရေနံချောင်းမြို့နယ် တရားရုံး၌ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရေနံချောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် မုန်းချောင်းအကြား မြေနုကျွန်းပေါ်တွင် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်း စတင်တည်ဆောက်စဉ်က ပျက်စီးခဲ့သော ကိုင်းမြေများအတွက် လျော်ကြေးပေးခဲ့သော်လည်း သတ်မှတ်ဧရိယာထက်ကျော်၍ ပျက်စီးခဲ့သည့် ဦးဝင်းဘိုနှင့် ဦးသန်းစိုးတို့၏ ကိုင်းမြေများအတွက် လျော်ကြေးငွေ ထပ်မံမပေးခဲ့ကြောင်း၊ လျော်ကြေးမပေးဘဲ လုပ်ငန်းများ ဆက်လက်လုပ်ကိုင် နေသောကြောင့် သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတော် သမ္မတကြီးအထိ တင်ပြခဲ့သော်လည်း ညှိနှိုင်းပေးမှု မရှိသောကြောင့် တရားစွဲရန် စီစဉ်ခဲ့ကြောင်း ဦးဝင်းဘိုက ဆိုသည်။

"ပင်မပိုက်လိုင်းကြီး လာဆောက်တုန်းကရော အခုအရန်ပိုက်လိုင်း တည်ဆောက်တဲ့အခါပါ တစ်ခါမှကြိုတင် တိုင်ပင်တာမရှိခဲ့ဘူး။ အခု ကျွန်တော့်ကိုင်းခင်းအတွက် အမှန်တကယ် ပျက်စီးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရော မြေစာရင်းဌာနကပါ ထောက်ခံပေမယ့် ဘာလျော်ကြေးမှ မပေးတဲ့အပြင် တိုင်ပင်တာလည်းမရှိဘူး။ ဒါကြောင့် တရားစွဲမှာပါ။ တကယ်တမ်း အခုမြေစာရင်းက အတည်ပြုပေးတဲ့အတိုင်း လျော်ကြေးရမယ် ဆိုရင်တောင် ကိုင်းမြေပျက်စီးမှုက ပိုများနေပါတယ်" ဟု ဦးဝင်းဘိုက ပြောကြားသည်။

အဆိုပါပိုက်လိုင်း တည်ဆောက်ရေးတွင် ပင်မပိုက်လိုင်းစတင် တည်ဆောက်စဉ်မှ ယခုအရန်ပိုက်လိုင်း တည်ဆောက်ချိန်ထိ လျော်ကြေးငွေပေးရေးအတွက် အကြိမ်ကြိမ်ပြဿနာများ ကြုံခဲ့ရကြောင်း အရန်ပိုက်လိုင်း တည်ဆောက်၍ ပျက်စီးခဲ့သော ကိုင်းမြေများအတွက် လျော်ကြေးမပေးသောကြောင့် တောင်သူ ၂၀၀ ခန့်က သုံးကြိမ်ကန့်ကွက်ပြီးမှ အများစုလျော်ကြေးရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Eleven Media Group