ဂရုပြုစရာ သွေးတိုးရောဂါ

ပို့စ်တင်ချိန် - 3/29/2014 02:01:00 PM


ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ထုတ်ပြန် ထားသည့် သွေးတိုးရောဂါ အတွက် အစွမ်းထက်သော ဆေးဖက်ဝင်အပင် များနှင့် သောက်သုံးရမည့် ဆေးညွှန်း ပမာဏများကို ဖော်ပြလိုက်ပါသည်။

သွေးတိုးရောဂါသည် အသံတိတ်လူသတ်သမား (silent killer) ဟုဆို ရလောက်အောင် ကျန်းမာရေး အတွက် အသက် အန္တရာယ်ပေးနိုင် သည့် ရောဂါ တစ်မျိုးဖြစ်ပါသည်။ သွေးတိုးကြောင့် လေဖြတ်လေ ငန်းနှင့် နှလုံးရောဂါ အပါအဝင် နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်သဖြင့် အထူး ဂရုစိုက်ရန် လိုအပ်ပါသည်။ သွေးတိုး ကျစေရန်နှင့် ပုံမှန်သွေးဖိ အား ရရှိစေရန် ဖော်ပြမည့်ဆေးပင်များ အနက် မိမိတို့လက်လှမ်းမီရာ တစ်မျိုး မျိုးကို သုံးစွဲနိုင်ပါသည်။

► အလိုကျူပင်

သွေးတိုးကျစေရန် အလိုကျူ အမြစ် ၃ ကျပ်သားကို ရေသန့် ၂ ဖန်ခွက် ထည့်ပြုတ်ကာ တစ်ဖန်ခွက် ကျန်လျှင် တစ်ကြိမ်လျှင် ဖန်ခွက် တစ်ဝက်၊ တစ်နေ့ ၂ ကြိမ် သောက်ရပါမည်။

► သံပရာပင်

သွေးတိုး ကျစေရန် တစ်ကြိမ်လျှင် သံပရာသီး တစ်ခြမ်းကို ရေနွေး ပူပူ တွင်ထည့်ကာ တစ်နေ့ သုံးကြိမ်သောက်ရန် ဖြစ်ပါသည်။ သံပရာရေ ချဉ် ချဉ် သောက်ပေးနိုင်ပါသည်။

► ကြက်သွန်ဖြူပင်

သွေးတိုးကျစေရန် ကြက်သွန်ဖြူဥကို ပါးပါးလှီး၍ သံပရာရည်ဆမ်း ကာ ထမင်းစားတိုင်း စားသုံးရန် ဖြစ်ပါသည်။

► ဆူးပန်းပင်

ဆူးပန်းရွက်အရည် သို့မဟုတ် ဆူးပန်းဝတ်ဆံမှုန့် တစ်ခါသောက် ၁ ဂရမ် ကို ရေနွေးဖြင့် တစ်နေ့ သုံးကြိမ်သောက်ရန်ဖြစ်ပါသည်။

► ဆင်တုံးမနွယ်ပင်

သွေးတိုးကျစေရန် ဆင်တုံးမနွယ်ပင်စည် လက်နှစ်ဆစ်ခန့် အပိုင်း ကလေး ၅ ပိုင်းကို ထုထောင်းလျက် ရေသန့် ငါးလီတာဘူးတွင် ထည့်စိမ် ကာ တစ်ကြိမ်လျှင် လက်ဖက်ရည်ပန်းကန်တစ်ဝက်၊ တစ်နေ့ သုံးကြိမ် သောက်သုံးရန် ဖြစ်ပါသည်။

► ဒန့်သလွန်ပင်

ဒန့်သလွန်အရွက် သတ္တုရည် တစ်ကြိမ်လျှင် တစ်ဇွန်း ရေနွေးဖြင့် တစ်နေ့ သုံးကြိမ်သောက်ရပါမည်။

► ဆူးကောက်နက်ပင်

ဆူးကောက်နက်အမှုန့် တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်း တစ် ဝက် ရေနွေးဖြင့် တစ်နေ့ သုံးကြိမ်သောက်ရပါမည်။

► နံ့သာနီပင်

နံ့သာနီမှုန့် တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်း တစ်ဝက် ရေနွေးဖြင့် တစ်နေ့ သုံးကြိမ်သောက်ရပါမည်။

► တရုတ်နံနံပင်

၎င်းအရွက်သတ္တုရည် တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ရေနွေးဖြင့် တစ်နေ့ သုံးကြိမ်သောက်ရပါမည်။

► အကြောတစ်ထောင်ပင်

၎င်းအပင်အမှုန့် တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်း တစ်ဝက် ရေနွေး ဖြင့် တစ်နေ့ သုံးကြိမ်သောက်ရပါမည်။


Popular Myanmar News Journal