အန္တရာယ်ရှိ ဓာတုပစ္စည်းပါ အိုအိရှိနှင့် DeeDo အအေးဘူး ဈေးကွက် ကျဆင်းမှုမရှိ

ပို့စ်တင်ချိန် - 3/11/2014 03:54:00 PM




ရန်ကုန်၊ မတ် ၁၀

စားသုံးသူ ကာကွယ်ရေး အသင်းက ကျန်းမာရေးနှင့် ကိုက်ညီမှု မရှိသော ဓာတုပစ္စည်း ပါဝင်သည့် အိုအိရှိ အာလူးကြော်နှင့် ထိုင်းနိုင်ငံထုတ် DeeDo အအေးဘူးကို မသောက်သုံးရန် ကြေညာ ထားသော်လည်း ပြည်တွင်း ဈေးကွက်တွင် မတ်လ ၁၀ ရက်နေ့အထိ ဝယ်လိုအား ကျဆင်းမှု မရှိကြောင်း ရန်ကုန်မြို့ ညောင်ပင်လေးဈေး အချိုရည် ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။

“ဈေးသည်တွေက ရိုးနေပြီ၊ သတင်းထွက်တဲ့ ခဏတော့ ငြိမ်မယ်။ ပြီးရင် ပြန်စားကြတာပဲ” ဟု ညောင်ပင်လေးဈေးရှိ ကုန်မျိုးစုံ ရောင်းဝယ်ဖြန့်ဖြူးရေး ဆိုင်ရှင် တစ်ဦးက ပြောကြားသည်။

ယင်းအပြင် အိုအိရှိ အာလူးကြော်တွင် မီးလောင်စေသော ဓာတုပစ္စည်းများ ထည့်သွင်းထားကြောင်း ကောလာဟလများ ထွက်ပေါ်နေသော်လည်း စားသုံးသူဈေးကွက် ပုံမှန်သာ ရှိနေကြောင်း အဆိုပါ ညောင်ပင်လေး ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။

“အန္တရာယ်ဖြစ်တာ သေချာရင်တော့ မရောင်းပါဘူး။ သေချာအောင်လည်း မုန့်တွေကို စစ်ဆေး ပေးစေချင်တယ်။ မကောင်းဘူး ဆိုရင်တော့ မြောင်းထဲ ပို့ရမှာပဲ” ဟု အဆိုပါ ဆိုင်ရှင်က ဆက်လက် ပြောဆိုသည်။

အဆိုပါ အန္တရာယ်ရှိ စားသောက်ကုန်များ အတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ ဓာတ်ခွဲ စစ်ဆေးရန် ရှိ၊ မရှိ မေးမြန်းရာတွင် တာဝန်ရှိသူ ခရီးလွန်နေ၍ မဖြေကြားနိုင်ကြောင်း The Voice သို့ အကြောင်း ပြန်ခဲ့သည်။

အိုအိရှိ အာလူးကြော်သည် ပြည်တွင်း Myanmar Liwayway Food Industries Ltd. ကုမ္ပဏီက ထုတ်လုပ်သော အသင့်စား မုန့်ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အသိအမှတ်ပြု လက်မှတ်ရမုန့် ဖြစ်ကြောင်း၊ အလားတူ DeeDo အချိုရည်သည်လည်း ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက အသိအမှတ်ပြု လက်မှတ်ရ တံဆိပ်တစ်ခု ဖြစ်ကြောင်း ပြည်တွင်းသို့ ထိုင်းစားသောက်ကုန်များ တင်သွင်းနေသူ တစ်ဦးက ရှင်းပြသည်။

စားသုံးသူ ကာကွယ်ရေး အသင်းက အိုအိရှိ အာလူးကြော်ကို စားသုံးရန် မသင့်ကြောင်း ကြေညာချက်ကိုမူ Myanmar Liwayway Food Industries Ltd. က မတ်လ ၁၀ ရက်နေ့အထိ တစ်စုံတစ်ရာ ပြန်လည် ဖြေရှင်းခြင်း မရှိသေးပေ။

ပြည်တွင်း ကုန်စည် ဈေးကွက်တွင် ကျွဲရိုင်း အချိုရည်နှင့် အချိုမှုန့်များကို စားသုံးရန် မသင့်ကြောင်း အကြိမ်ကြိမ် ကြေညာထားသော်လည်း လက်တွေ့ အရေးယူမှုပိုင်း အားနည်းချက်ကြောင့် တင်သွင်းသူများ ရှိနေဆဲ ဖြစ်ကြောင်း၊ ယင်းကြောင့် အိုအိရှိနှင့် DeeDo ဈေးကွက်မှာလည်း သိသိသာသာ ကျဆင်းနိုင်ဖွယ် မရှိကြောင်း ညောင်ပင်လေးဈေးတွင် အချိုရည်မျိုးစုံ ရောင်းချနေသူများက ပြောကြားသည်။

သမဝါယမ ဝန်ကြီးဌာန ဓာတ်ခွဲခန်း၏ စစ်ဆေးချက်တွင် အိုအိရှိ အာလူးကြော်၌ စားသုံးသင့်သော ပမာဏထက် အက်စစ် ပါဝင်နှုန်း မြင့်နေပြီး DeeDo အချိုရည်တွင် တစ်လီတာဘူး၌ မှိုခြောက်သိန်း အထိ ပါနေကြောင်း မတ်လ ၉ ရက်နေ့ စားသုံးသူ ကာကွယ်ရေး အသင်း သတင်းစာ ရှင်းလင်းပွဲ၌ အသိပေး ကြေညာလိုက်သည်။

မြန်မာနိုင်ငံတွင် ဓာတုဆိုးဆေး အလွန်အကျွံ သုံးစွဲထားသော အသင့်စား မုန့်များနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှု မရှိသေးကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ စားသုံးသူ ကာကွယ်ရေး လှုပ်ရှားသူများက တိုက်တွန်း ပြောကြားထားသည်။

The Voice Weekly