အင်တာနက်ဘဏ်စနစ်များ စတင်တွင်ကျယ်လာပြီးဖြစ်၍ အကောင့်လုံခြုံရေးဆိုင်ရာ အသိပညာများ ပိုမိုလိုအပ်လာဟု ပညာရှင်များသတိပေး

ပို့စ်တင်ချိန် - 3/11/2014 12:08:00 PM


မြန်မာနိုင်ငံ၌ အင်တာနက်ဘဏ် လုပ်ငန်းဆိုင်ရာများ စတင်တွယ်ကျယ်လာပြီဖြစ်၍ အကောင့်လုံခြုံရေးပိုင်းဆိုင်ရာများအား ကာကွယ်တတ်ရန် လိုအပ်လာကြောင်း ဘဏ်လုပ်ငန်းလုံခြုံရေးဆိုင်ရာ နည်းပညာအဖွဲ့အစည်းများက ပြောကြားသည်။

လက်ရှိ ဘဏ်လုပ်ငန်းများတွင် ကတ်အသုံးပြုမှု၊ မိုဘိုင်းဘဏ်စနစ်များ တွင်ကျယ်လာသည်နှင့်အမျှ အန္တရာယ်ကိုလည်း တံခါးဖွင့်ထားသလို ဖြစ်လာတတ်ကြောင်း Myanmar Computer Company မှ စီအီးအို Brian Aung Soe Lin က ပြောသည်။ “အခုခေတ်က ဘဏ်တွေမှာ ဖွံ့ဖြိုးတိုးတက်လာတာဖြစ်တဲ့အတွက်ကြောင့်  အေတီအမ်ပိုင်းတွေ၊ ကတ်စနစ်တွေ အသုံးပြုလာရတာတွေ ရှိတယ်။ နောက်ပြီးတော့ မိုဘိုင်းဘဏ်စနစ်၊ အင်တာနက်ဘဏ်စနစ်တွေ အသုံးပြုလာပါတယ်။ အဲ့လိုအသုံးပြုလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ လုံခြုံစိတ်ချရမှုပိုင်းတွေမှာ နိုင်ငံတကာမှာ တွေ့ကြုံတဲ့ အတွေ့အကြုံကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် အန္တရာယ်တွေကိုလည်း တံခါးဖွင့်ပေးထားသလိုမျိုး ဖြစ်လာပါတယ်” ဟု Mr. Brian Aung Soe Lin က ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် စတင် အကောင်အထည်ဖော်သည့် လက်ရှိအချိန်တွင် ကြိုတင်ပြင်ဆင် ကာကွယ်သွားရမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

“အဲတော့ အခုလိုမျိုး တိုးတက်နေတဲ့ နည်းပညာကို အတွေ့အကြုံရှိပြီးသား လုပ်ငန်းတွေက လာရောက်ကူညီပြီးတော့ ရှင်းပြပေးရင် ကျွန်တော်တို့ကလည်း လုပ်သင့်တာကို လုပ်ထားမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံအနေနဲ့အခုလိုမျိုး စလုပ်ကတည်းက ကြိုတင်ပြင်ဆင်ကာကွယ်၊ ကြိုသိထားမယ်ဆိုလို့ရှိရင် ဖြစ်လာနိုင်မယ့်ဆိုးကျိုးတွေ၊ ငွေကြေးဆိုင်ရာ မသမာမှုတွေကို ကာကွယ်သွားနိုင်မယ်” ဟု ဆက်လက်ပြောကြားသည်။ ဘဏ်တစ်ဘဏ်ကို Haking ပြုလုပ်ခြင်းက ယင်းဘဏ်ကို ဓါးပြတိုက်ရခြင်းထက် လွယ်ကူကြောင်း၊ လုံခြုံရေးကို တတ်နိုင်သမျှ ကာကွယ်သွားရန်လိုကြောင်း မလေးရှားနိုင်ငံ Secure Metric Technology မှ Chief Business Development Officer Mr. Lim Chin Wan ကလည်း ပြောသည်။ “အရေးကြီးတဲ့ အချက်က ဘဏ်ဝန်ထမ်းတွေကိုပုံမှန် သင်တန်းတွေပေးပြီး လုံခြုံရေးဆိုင်ရာကာကွယ်မှုတွေကို ဆောင်ရွက်သွားဖို့လိုပါတယ်” ဟုဆိုသည်။ ဘဏ်ဝန်ထမ်းများပြားခြင်းကြောင့် သင်တန်းပေးနိုင်ရန် ခက်ခဲပါက အွန်လိုင်းသင်ခန်းစာ (e-Learning) နှင့် Training Video များဖြင့် သင်ကြားနိုင်ကြောင်း ဆက်လက်ပြောကြားသည်။ နည်းပညာပိုင်းဆိုင်ရာများကို ရရှိပြီးပါက ဘဏ်လုပ်ငန်းများကို ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း Mr. Brain Aung Soe Lin က ပြောသည်။

ဘဏ်များဘက်မှ လုံခြုံရေးပိုင်းဆိုင်ရာများကို အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြမည်ဖြစ်သော်လည်း ၁၀၀ ရာခိုင်နှုန်းအထိ လုံခြုံရေး အာမခံပေးနိုင်သော ဘဏ်ရှိမည်မဟုတ်ကြောင်း ပြည်တွင်းအခြေစိုက် ဘဏ်တစ်ခုမှ တာဝန်ရှိသူက ဆိုသည်။ “Customer တွေ ဘက်က Safe ဖြစ်အောင် ဆောင်ရွက်ဖို့ အဓိကတော့ အီးမေးလ်သုံးသလိုပဲလေ။ User name, Password ပေါ့။ အသုံးပြုသူတွေအနေနဲ့ User Awareness ရှိဖို့ လိုတယ်” ဟု သမဝါယမဘဏ်မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားသည်။

လျှို့ဝှက်နံပါတ် (Password) များကို အများမှတ်မိလွယ်သော နံပါတ်များ မပေးမိစေရန် အရေးကြီးကြောင်း ဆိုသည်။ “အသုံးပြုတဲ့သူတွေကို လုံခြုံရေးပိုင်းဆိုင်ရာ အသိပေးတာမျိုးကတော့ ဘဏ်ကိုလာတဲ့အချိန်မှာ ပြောပြထားတယ်။ ဥပမာ- မွေးနေ့တို့၊ မှတ်ပုံတင်နံပါတ်တို့၊ ဖုန်းနံပါတ်တို့ဆိုရင် မထားသင့်ဘူး။ သူများတွေ ခန့်မှန်းရလွယ်တယ်။ နောက်ကိုယ့် Password ကို မေ့မှာစိုးလို့ စာနဲ့ရေးပြီး မှတ်ထားတာမျိုးတို့ဆိုရင် အဆင်မပြေဘူးလေ” ဟု သမဝါယမဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အကောင့်လုံခြုံရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဖုန်းနံပါတ်ကို ချက်ချင်းအကြောင်းကြားရန်လိုကြောင်း၊ အကြောင်းကြားပြီးနောက်ပိုင်း တစ်စုံတစ်ရာမှားယွင်းခြင်းမျိုး ဆက်လက်ဖြစ်ပေါ်မှသာ ဘဏ်များအနေဖြင့် တာဝန်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

“တစ်စုံတစ်ခုဖြစ်တယ်ဆိုရင် Technical Call Center ကို ချက်ချင်း အကြောင်းကြားတာနဲ့ ဆောင်ရွက်ပေးပါတယ်။ ဥပမာ- မိုဘိုင်းဘဏ်စနစ် ချိတ်ထားတဲ့ဖုန်းပျောက်သွားတယ်လို့ အကြောင်းကြားတယ်ဆိုရင် ကျွန်တော်တို့ဖက်က အကောင့်ကို ဖျက်လိုက်တယ်။ အကြောင်းကြားပြီးနောက်ပိုင်းမှ တစ်ခုခုမှားယွင်းတာမျိုး၊ အဲဒီအကောင့်ထဲကနေ ငွေလျော့သွားတာတို့၊ ဘာတို့ဆိုရင် ဘဏ်ဘက်အပိုင်း က တာဝန်ယူပေးပါတယ်။ အကြောင်းကြားပြီး အချိန်နောက်ပိုင်းကို တာဝန်ယူဆောင်ရွက်ပေးတာပါ” ဟု သမဝါယမဘဏ်မှ တာဝန်ရှိသူက ပြောပြသည်။

ထွန်းထွန်း
Internet Journal