အိန္ဒိယတွင် မွိုက်စ်သူပုန်များ တိုက်ခိုက်၍ စစ်သည်(၁၈)ဦး သေဆုံး

ပို့စ်တင်ချိန် - 3/11/2014 09:54:00 PM


အိန္ဒိယ ရဲတပ်ဖွဲ့က စစ်တပ်၏ ထောက်ပံ့မှုဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေး လက်နက်ကိုင် တပ်ဖွဲ့တစ်ခုကို သူပုန်များက ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်

အိန္ဒိယနိုင်ငံ အလယ်ပိုင်း ဒေသတွင် မွိုက်စ်သူပုန်များ၏ သတ်ဖြတ်မှုကြောင့် စစ်သည်(၁၈)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အိန္ဒိယ ရဲတပ်ဖွဲ့က စစ်တပ်၏ ထောက်ပံ့မှုဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေး လက်နက်ကိုင် တပ်ဖွဲ့တစ်ခုကို သူပုန်များက ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မူကက်ရှ်ဂူပ်တာက သူပုန်တပ်ဖွဲ့များသည် အင်္ဂါနေ့က ချတ်တင်ဂတ်ရှ် ပြည်နယ်၊ တောနက်ထဲရှိ စစ်တပ်စခန်းချရာ နေရာကို ဝိုင်းဝန်းပိတ်ဆို့ပြီး အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ဝေးလံသီခေါင်သည့် အဆိုပါ နေရာတွင် ဖြစ်ပွားသော တိုက်ပွဲ၌ စစ်တပ်ဘက်မှ အထိနာပြီး (၁၈)ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ရဲများက သူပုန်များသည် စခန်းချနေသည့် နေရာကို ဝိုင်းဝန်းပိတ်ဆို့ပြီးမှ စတင်ပစ်ခတ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ဖြစ်စဉ်အတွင်း နောက်ထပ် စစ်သည် အတော်များများ ဒဏ်ရာရရှိခဲ့သည်။ ချတ်တင်ဂတ်ရှ် တောင်ပိုင်းရှိ ဂျီရမ်ဂါတီ အရပ်တွင် လှုပ်ရှားစစ်ဆင်သွားသည့် မွိုက်စ်သူပုန်များကို ယခုအခါ တောနင်းရှာဖွေနေသည်။ မွိုက်စ်တို့သည် တရုတ် တော်လှန်ရေးခေါင်းဆောင် မော်ဇီတုံး၏ အယူအဆများကို ယုံကြည်သက်ဝင်ကြပြီး အိန္ဒိယနိုင်ငံရှိ ပြည်နယ်အချို့တွင် တောခိုနေကြသည်။ ပြီးခဲ့သည့် (၃)နှစ်တာအတွင်း မွိုက်စ်တို့သည် အစိုးရကို ဆန့်ကျင်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network