ကျန်းမာရေးဆိုင်ရာများကို ဖုန်းဆက်မေးမြန်းနိုင်မည့် လူထုဆက်သွယ်ရေး စင်တာသစ်ဖွင့်

ပို့စ်တင်ချိန် - 3/11/2014 07:53:00 PM


ကျန်းမာရေးဆိုင်ရာများကို ဖုန်းဆက်မေးမြန်းနိုင်မည့် လူထုဆက်သွယ်ရေးစင်တာတစ်ခုအား စတင်ဖွင့်လှစ်လိုက်ကြောင်း အဆိုပါ ဆက်သွယ်ရေးစင်တာမှ တာဝန်ရှိသူကပြောသည်။

အဆိုပါ ကြယ်ပြာလူထုဆက်သွယ်ရေးစင်တာတွင် မျိုးဆက်ပွားကျန်းမာရေးနှင့် မိခင်နှင့် ကလေးကျန်းမာရေး မေးမြန်းချက်များကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားဆွေးနွေးပေးမည်ဖြစ်ကြောင်း သိရသည်။ “စမ်းသပ်အဆင့် ဆောင်ရွက်ခဲ့တာတော့ ကြာပါပြီ။ လက်ရှိဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဒီလူထုဆက်သွယ်ရေးစင်တာမှာ မိသားစု ကျန်းမာရေးဆိုင်ရာကိစ္စတွေ၊ HIV ဆိုင်ရာနဲ့ ပတ်သက်ပြီးသိလိုတာတွေ အစရှိသည်ဖြင့် မေးမြန်းနိုင်မှာဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။ အခမဲ့ ဖြေကြားပေးခြင်းဖြစ်ပြီး ခေါ်ဆိုရာတွင် မြန်မာ့ဆက်သွယ်ရေးမှ သတ်မှတ်ထားသော မိုဘိုင်းဖုန်းခေါ်ဆိုခ တစ်မိနစ်ငါးဆယ်ကျပ်သာ ကုန်ကျမည်ဖြစ်သည်။ အမျိုးသားနှင့် အမျိုးသမီး သီးခြားစီခေါ်ဆိုနိုင်ရန်အတွက် ဖုန်းနံပါတ်နှစ်မျိုး သတ်မှတ်ပေးထားကြောင်း သိရသည်။

အမျိုးသမီးများအနေဖြင့် ၀၉-၄၃၁၁၁၀၀၀ သို့လည်းကောင်း၊ အမျိုးသားများအနေဖြင့် ၀၉-၄၅၀၀၆၆၆၆၇ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။ “ဖုန်းနဲ့ဆက်မေးလို့ရတယ်ဆိုတော့ ဆေးခန်းသွားရမှာ ပျင်းတဲ့လူတွေ၊ ကြောက်တဲ့လူတွေအတွက် အဆင်ပြေတာပေါ့” ဟု ပြည်မြို့ရှိဒေသခံတစ်ဦးက အွန်လိုင်းမှ ပြောကြားသည်။ ကုသရန်မလိုသော အကြံဥာဏ်ရလိုမှုများအတွက် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းက များစွာ အကျိုးထိရောက်စေနိုင်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။ ယင်းတယ်လီဖုန်း အမေး၊ အဖြေ ဝန်ဆောင်မှု ရရှိနိုင်သော နေ့ရက်နှင့် အချိန်များအနေဖြင့် အမျိုးသမီးများမှာ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပိတ်ရက်မရှိ တစ်ပတ်လုံးမေးမြန်းနိုင်မည်ဖြစ်ကြောင်း၊ အမျိုးသားများမှာ နံနက် ၉ နာရီမှ ည ၉ နာရီအထိ တနင်္လာနေ့မှ သောကြာနေ့အထိ မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာလည်း ကျန်းမာရေးဆိုင်ရာတွေကို မေးမြန်းနိုင်တဲ့ ဖုန်းနံပါတ်တွေရှိပါတယ်။ ဒါပေမယ့် ဆက်သွယ်ရေးက သတ်မှတ်ထားတဲ့ ဖုန်းခေါ်ဆိုခအပြင် ဝန်ဆောင်မှုအတွက် သတ်မှတ်ခေါ်ဆိုခကိုပါ ဖြတ်တောက်ပေးရတာမျိုး ရှိပါတယ်။ အခုလို အခမဲ့ Hot Line တွေများများပေါ်ပေါက်လာတဲ့အတွက် အားလုံးအလွယ်တကူ မေးမြန်းနိုင်တာပေါ့” ဟု မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ ကိုဇော်လတ်က ပြောသည်။ သိလိုသမျှ မေးမြန်းနိုင်ရန် အဖွဲ့အစည်းအသီးသီးက သတ်မှတ် Hot Line နံပါတ်များ ထားရှိလာကြသော်လည်း ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်၍ ဖြေကြားပေးသော နေရာများမှာ အနည်းစုသာ ရှိသေးကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal