Ooredoo က မိုဘိုင်းဖုန်းပေါ်မှ အဓိကကျသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စမ်းသပ်ပြီးဖြစ်

ပို့စ်တင်ချိန် - 3/11/2014 07:53:00 PM


ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo က ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ပေါ်တွင် အသံလှိုင်းဖုန်း ခေါ်ဆိုမှုနှင့် စာတိုပေးပို့နိုင်ခြင်း အစရှိသည့် ဝန်ဆောင်မှုများကို စမ်းသပ်လုပ်ဆောင်နိုင်ခဲ့သည်ဟု သတင်းရရှိသည်။

ယင်းကုမ္ပဏီသည် ယခုလ ၅ ရက်နေ့က ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ပေါ်တွင် ဖုန်းခေါ်ဆိုနိုင်ခြင်း၊ စာတိုပေးပို့နိုင်ခြင်းနှင့် အင်တာနက်ဆိုင်ရာ အချက်အလက်များ အသုံးပြုနိုင်ခြင်း အစရှိသည့် မိုဘိုင်းဖုန်းပေါ်မှ  ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စမ်းသပ်မှုတွင် ဖုန်းခေါ်ဆိုရာတွင် ကြည်လင်ပြတ်သားခြင်း၊ စာတိုပေးပို့ခြင်းနှင့်  အင်တာနက်စာမျက်နှာပေါ်တွင် အချက်အလက်များ ရှာဖွေနိုင်ခြင်း အစရှိသည့်အသုံးပြုမှုများသည် အလွန်မြန်ဆန်သည့် အချိန်အတွင်း အသုံးပြုနိုင်ခဲ့ကြကြောင်း ယင်းကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများသည် ယခုနှစ် ဇူလိုင်လခန့်တွင် အသုံးပြုနိုင်မည့် ဝန်ဆောင်မှုများဖြစ်ပြီး ယခုလက်ရှိတွင် ၎င်းတို့၏ ကွန်ရက်တည်ဆောက်မှုမှာ အပြီးသတ်ရန် အနည်းငယ်သာလိုတော့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ကာတာဆက်သွယ်ရေးကုမ္ပဏီသည် ၎င်းတို့နှင့်လက်တွဲပြီး လုပ်ငန်းများလုပ်ဆောင်ရန် သဘောတူညီထားသည့် တရုတ်နိုင်ငံ၏ Huawei ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်းပြီး မိုဘိုင်းဖုန်းမှ စာတိုပေးပို့ခြင်းဖြင့် ဖုန်းဘီလ်ဖြည့်သွင်းနိုင်သည့် နည်းပညာဝန်ဆောင်မှုများကိုလည်း အများပြည်သူသို့ ပေးသွားမည်ဟု ယင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယုဇနကိုကို
Internet Journal