သူငယ်ချင်းရဲ့ ကော်ဖီထဲ ကျင်ငယ်ရောထဲ့လို့ ငါးထောင့်တစ်ဒေါ်လာ ($5001) ပေးဆောင်ရ

ပို့စ်တင်ချိန် - 4/14/2014 05:41:00 PM

တရားခံ James Carroll Butler

Culpeper စီရင်စုမှာ ရှိတဲ့ ဂျူရီလူကြီးအဖွဲ့က James Carroll Butler ကို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း Michael Utz အား ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၉ ခုနှစ်တုန်းက သူတို့နှစ်ယောက် မြို့တော်ဝန်ထမ်း လုပ်ခဲ့စဉ်အချိန်က အဖြစ်အပျက်တစ်ခုကြောင့် ဖြစ်ပါတယ်။

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ James က မြို့တော်၏ စွန့်ပစ်ရေသန့်စက်ရုံမှာ နေ့စဉ် တိုးတက်မှုအခြေအနေကို သတင်းပို့သူအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေစဉ် Utz ကတော့ ပတ်ဝန်းကျင်ဝန်ဆောင်မှုဌာနမှာ စက်ပြင်ဆရာအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

၂၀၀၉ခုနှစ် မတ်လ လဆန်းပိုင်း ရက်တစ်ရက်မှာ James က သန့်စင်ခန်းမှ ကျင်ငယ်အချို့ကို ယူဆောင်လာခဲ့ပြီးတော့ Utz သောက်မယ့် ကော်ဖီအိုးအလွတ်ထဲ လောင်းထည့်ခဲ့ပြီး သူ၏သူငယ်ချင်း သောက်မည့် အချိန်ထိစောင့်ကြည့်နေခဲ့ပါတယ်။

ကံကောင်းစွာပဲ သူ့သူငယ်ချင်းက တွေ့ရှိခဲ့ပြီး ကော်ဖီမဖျော်ခင်မှာ ကျင်ငယ်နံ့ ရနေတာကြောင့် သူ့ရဲ့ ကြီးကြပ်သူကို ပြောပြခဲ့ပါတယ်။ ၎င်းနောက် ကော်ဖီအိုးကို ဓါတ်ခွဲခန်းမှာ စမ်းသပ်ကြည့်တဲ့အခါမှာ ၎င်းအိုးထဲမှာ ကျင်ငယ်နဲ့ မစင်ကဲ့သို့အရာများကို တွေ့ရှိခဲ့ပါတယ်။

James က တရားရုံးကို ပေးပို့ခဲ့တဲ့ စာထဲမှာ

အလုပ်ကရရှိခဲ့တဲ့ ဖိအားတွေကြောင့် ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက် အပေါ်မှာ ကျူးလွန်ခဲ့တဲ့ အမှားအတွက် ကျွန်တော်အလွန်ပဲ ရှက်မိပါတယ်။ ကျွန်တော့်ရဲ့ ကလေးဆန်တဲ့ ခပ်ပိန်းပိန်း လုပ်ရပ်အပေါ် အလွန်ပဲ ရှက်မိပါတယ်။

James ရဲ့ သေးငယ်သော အမှားအယွင်းတစ်ခုကြောင့် သူဟာ ထောင်ဒဏ်တစ်လ ကျခံရပြီးတော့ တစ်နှစ်တိတိ စောင့်ကြည့်ခံခဲ့ရပါတယ်။

သူ့ရဲ့သူငယ်ချင်းက နစ်နာကြေး ဒေါ်လာ ၇၂၈၀၀၀ ရလိုမှုနဲ့ သူ့ကိုတရားစွဲခဲ့ပါတယ်။ တရားရုံးလူကြီးအဖွဲ့ကတော့ နစ်နာကြေးအဖြစ် တစ်ဒေါ်လာသာ ချမှတ်ခဲ့ပြီး ဒဏ်ငွေအဖြစ်နဲ့ ဒေါ်လာ ၅၀၀၀(ငါးထောင်) ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပါတယ်။ သို့ပေမယ့် တရားသူကြီး ၏ ဆုံးဖြတ်ချက်အပေါ် ၎င်းက ကျေနပ်ခဲ့တယ်လို့ ဆိုပါတယ်။



Ygn News (www.YgnNews.com)